Showing posts with label news. Show all posts
Showing posts with label news. Show all posts

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်


အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ၁၉၉၇ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော မြန်မာနိုင်ငံ၌ Online မှပစ္စည်းများ ဝယ်ယူနိုင်သည့် နိုင်ငံတကာသုံး VISA Card ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Web Host Myanmar ကုမ္ပဏီ၏ မန်နေဂျာဦးလွင်မျိုးက ပြောပြခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ICT ပြပွဲတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကတ်အရေအတွက် ရာဂဏန်းပမာဏနီးပါး အသုံးပြုနေပြီဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။ “ဒီကတ်နဲ့ ပြည်ပကနေ Domain တွေ၊ Hosting တွေ၊ Skype ငွေဖြည့်တာ စတဲ့ Online Payment တွေ ဝယ်ယူအသုံးပြုလို့ရတယ်။ အစိုင်အခဲပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်လို့မရသေးဘူး” ဟု မန်နေဂျာ ဦးလွင်မျိုးက ရှင်းပြသည်။ အဆိုပါကတ်သည် နိုင်ငံတကာ၏ မည်သည့်နေရာတွင်မဆို ငွေထုတ်ယူနိုင်ပြီး မည်သည့်နိုင်ငံတွင်မဆို Online မှတစ်ဆင့် ယင်းကတ်ဖြင့် ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း၊ ပြည်ပနိုင်ငံများ၌ Online မှ တစ်ဆင့် ပစ္စည်းများဝယ်ယူရာတွင် Visa, Master, Paypal အစရှိသော ကတ်များကို အသုံးပြုနေကြကြောင်း စင်ကာပူရောက် မြန်မာအမျိုးသားတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင်မူ ယင်း VISA Card ဖြင့် အသုံးပြုနိုင်သည့် နိုင်ငံတကာ Website များတွင် လွယ်ကူစွာ ဈေးဝယ်ယူနိုင်ပြီး ကတ်ဝယ်ယူပြီးလျှင် ကတ်အစစ်ကို အပြင်သို့ ထုတ်ပေးခြင်းမရှိဘဲ ကတ်နံပါတ်၊ CCV Code, Expire Date တို့ကို info@webhostmm.net မှတစ်ဆင့် ကတ်ဝယ်ယူသူ၏ အီးမေးလ်လိပ်စာသို့ ပို့ပေးမည်ဖြစ်ကြောင်း၊ Online VISA Card လျှောက်ထားလိုပါက သုံးရက်မှ ငါးရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ဦးလွင်မျိုးထံမှ သိရှိရသည်။ အဆိုပါ VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့် ချိတ်ဆက်ထားကြောင်း ၄င်းကထပ်လောင်း ရှင်းပြခဲ့သည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

အင်တာနက် နှေးကွေးပြတ်တောက်မှုကြောင့် သုံးစွဲသူများ အခက်အခဲကြုံတွေ့နေရ




အင်တာနက်ကွန်နက်ရှင်များ နှေးကွေးမှုကြောင့် နိုင်ငံခြားသို့ အွန်လိုင်းမှ စကားပြောလိုသူများမှာ ညပိုင်းတွင်သာ၊အသုံးပြု နိုင်ကြသည်။
ဓာတ်ပုံ - ဟိန်းလတ်အောင်
အင်တာနက်ဆက်သွယ်မှုများ နှေးကွေးနေသည်မှာ ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးသည့်အတွက် အင်တာနက် အသုံးပြု သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟုသိရသည်။
အင်တာနက် အမြန်နှုန်းများမှာ အတက်အကျဖြစ်နေခဲ့ရာ လွန်ခဲ့သည့် နှစ်ပတ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့ကာ နေ့ပိုင်းအချိန်များတွင် အင်တာ နက် ဆက်သွယ်မှုများ နာရီအတန်ကြာ ပြတ်တောက်နေခြင်းများပင် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
"လိုင်းက အရင်တစ်ပတ်ကတည်းက ကျနေတာ။ နေ့လယ်လောက်ဆိုရင် ကျသွားပြီ။ ညနေဆိုရင်တော့ နည်းနည်းကောင်းလာတယ်။ နိုင်ငံခြားကို ဖုန်းဆက်ချင်တဲ့ သူတွေကို အဲဒီအချိန်လောက်မှလာပြီးတော့ ဆက်ခိုင်း ရတယ်"ဟု ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
အင်တာနက်ကွန်နက်ရှင်များ နှေးကွေးနေမှုများကြောင့် အသုံးပြုသူများသည် ဆိုင်တွင်ကြာကြာမထိုင်ဘဲ ခေတ္တသာသုံးပြီး ပြန်သွား ကြသည်ဟု ၎င်းကဆိုသည်။
"လူတိုင်းကအင်တာနက်ကို မြန်မြန် သုံးချင်ကြတော့ ကွန်နက်ရှင်ကိုပဲ သတိ ထားနေကြတယ်။ ကျွန်မက ပညာရေး အတွက် လိုအပ်တဲ့အချက်အလက်တွေ ကို နေ့ဘက်မှာပဲ ဒေါင်းလုဒ် လုပ်နေရတဲ့သူပါ။ ကွန်နက်ရှင်က နှေးနေရင် ဘာမှဆက်လုပ်လို့ မရတော့ဘူး" ဟု ကျောင်းသူတစ်ဦးဖြစ်သူ မပိုးဖြူက ပြောသည်။
အင်တာနက် အသုံးပြုသူတစ်ဦး ဖြစ်သူ ကိုဝဏ္ဏကလည်း နေ့ပိုင်းတွင် အင်တာနက်ကွန်နက်ရှင်များ မကောင်းခြင်းကြောင့် အချိန် ပြောင်းကာ အသုံးပြုနေရသည်ဟု ၎င်းကဆိုသည်။
အင်တာနက်မှ အချက်အလက်ကူး ယူမှုများ ပြုလုပ်လိုသူများသည် အင်တာနက်ဆက်သွယ်မှု ပြန်လည်ကောင်းမွန်တတ်သည့် ညပိုင်းအချိန်များတွင်အသုံး ပြုကြရသည်ဟုဆိုသည်။
ထိုသို့ အင်တာနက်နှေးကွေးပြတ် တောက်မှုများ ဖြစ်ပေါ်နေသော်လည်း ပြည်တွင်းမှလွင့်တင်ထားသည့် အမျိုး သားအဆင့် ၀က်ဘ်ပေါ်တယ်ဖြစ်သည့် ရတနာပုံဝက်ဘ်ပေါ်တယ်ကိုမူ ၀င်ရောက် ကြည့်ရှုနိုင်သည်။
"ကျွန်တော် အင်တာနက်သုံးနေတုန်း ကွန်နက်ရှင်တွေနှေးသွားလို့ ဘာမှ ဆက်လုပ်လို့မရတဲ့အချိန်မှာ ရတနာပုံ ၀က်ဘ်ပေါ်တယ်ကို ၀င်ကြည့်တာ ၀င်လို့ ရတယ်။ အဲဒါကျတော့မနှေးဘူးဗျ။ အွန်လိုင်းဗီဒီယိုတွေတောင် အဆင် ပြေပြေနဲ့ ကြည့်လို့ရနေတယ်"ဟု ရန်ကုန် မြို့မှ အင်တာနက်သုံးသူတစ်ဦးက ပြောသည်။
စီဒီအမ်အေ ၈၀၀ ဖုန်းဖြင့် အင်တာနက်သုံးစွဲနေသူတစ်ဦးကမူ အင်တာနက်ဆက်သွယ်မှုများ အခြေအနေ မဆိုးလှကြောင်း ပြောသည်။
"များသောအားဖြင့် ညဘက်ပဲသုံးဖြစ်တာများပါတယ်။ နေ့လယ်ပိုင်းသုံးဖြစ်တဲ့အခါမှာလည်း ကွန်နက်ရှင်ကသိပ်မဆိုးလှပါဘူး။ တခြား လိုင်းတွေထက် စာရင်တော့ စီဒီအမ်အေလိုင်းက နည်းနည်း ပိုကောင်းတယ်ထင်တာပဲ။ ညဘက်ဆိုရင်တော့ တော်တော်လေးကို ကောင်းတယ်။ သီချင်းတွေတောင် ဒေါင်းလုဒ် လုပ်လို့ရတယ်" ဟု ၎င်းကပြောသည်။
အင်တာနက်ဆက်သွယ်မှုများသည် ရန်ကုန်မြို့တွင်သာမက အခြားမြို့ကြီးများတွင်လည်း နှေးကွေးမှုများဖြစ်ပေါ်နေသည်ဟု သိရ သည်။ မန္တလေးမြို့ဒေသခံတစ်ဦးက အင်တာနက် ဆက်သွယ်မှုများ နှေးကွေးနေသဖြင့် အလုပ်ကို နှောင့်နှေးမှုများဖြစ်ပေါ်ရသည်ဟု ဆိုသည်။
နေပြည်တော်ပျဉ်းမနားမှ ဒေသခံတစ်ဦးကလည်း အင်တာနက်ဆက်သွယ်မှုများ နှေးကွေးပြတ်တောက်မှုများ ဖြစ်ပေါ်တတ်သဖြင့် အင်တာနက် ပြတ်တောက်ချိန်တွင် အင်တာနက်ဆိုင်များပင် ပိတ်ထားရသည်ဟုဆိုသည်။
 

ဓာတ်ဆီပေါက်ဈေးများ တစ်လအတွင်း ၁၅ ရာနှုန်း မြင့်တက်




ရန်ကုန်မြို့တွင်း ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့၌ ဓာတ်ဆီထည့်ရန် စောင့်ဆိုင်းနေသော ကားတန်းကိုတွေ့ရစဉ်။ မတ်လ ၉ ရက်နေ့ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန် ၃,၉၀၀ ကျပ် ဖြစ်သည်။
ဓာတ်ပုံ-အေးဇော်မျိုး
ဓာတ်ဆီ ပြင်ပအရောင်းအ၀ယ်ဈေးများမှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များအပြင် နယ်မြို့များတွင်ပါ တစ်လအတွင်း ၁၅ ရာခိုင်နှုန်းခန့် မြင့် တက်ခဲ့ပြီး နယ်ဈေးများမှာ မတ်လ ၈ ရက်နေ့တွင် တစ်ဂါလန်လျှင် အမြင့်ဆုံး ကျပ် ၄,၈၀၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း ပြင်ပစက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။
ရန်ကုန်မြို့အတွင်း ဓာတ်ဆီဈေးနှုန်းများမှာ ဖေဖော်ဝါရီလ အစောပိုင်း တွင် တစ်ဂါလန်လျှင် အပြင်ပေါက်ဈေး ကျပ် ၃,၂၀၀ ခန့်မှ ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လ ၆ ရက်နေ့အထိ တစ်ဂါလန်လျှင် ကျပ် ၃,၆၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင်မူ ကျပ် ၃,၈၀၀ အထိ မြင့်တက်လာခဲ့သည်။
"ပွင့်လင်းရာသီရောက်လာလို့၊ နယ် ၀ယ်လိုအား များလာလို့ပါ။ နှစ်စဉ်နှစ် တိုင်း သင်္ကြန်နားနီးချိန်နဲ့ ပွင့်လင်းရာသီဆို ဆီဝယ်လိုအား များတတ်ပါတယ်" ဟု ရန်ကုန်မြို့အတွင်း ပြင်ပစက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်က ပြောသည်။
ရန်ကုန်ရှိ ပုဂ္ဂလိကအရောင်းဆိုင်များတွင် တန်းစီရရှိသည့် ဓာတ်ဆီ ရာနှုန်းပြည့်နီးပါးအား မြန်မာပြည် အလယ်ပိုင်း၊ ပြည်၊ မော်လ မြိုင်၊ စစ်ကိုင်း၊ မြစ်ကြီးနား စသည့် ဒေသများသို့ တင်ပို့ကြောင်း ပြင်ပအရောင်းဆိုင်များက ပြောသည်။
တင်ပို့သည့်ဒေသပေါ် မူတည်ကာ ဓာတ်ဆီပေါက်ဈေးများလည်း ကွာခြားပြီး ပုဂံ၊ စစ်ကိုင်းကဲ့သို့ ဒေသများတွင် တစ်ဂါလန်လျှင် ကျပ် ၄,၃၀၀ ခန့် ပေါက်ကြောင်း ၎င်းအရောင်းဆိုင်များက ပြောသည်။
ဒီဇယ်ကိုမူ နယ်သို့တင်ပို့မှုနည်း သော်လည်း ဖားကန့်သို့ အဓိကတင်ပို့ ကြောင်း အခြားသော အရောင်းဆိုင် တစ်ဆိုင်က ပြောသည်။
"တစ်ရက်ကို ဓာတ်ဆီပီပါ ၄၀ (တစ်ပီပါ ဂါလန် ၅၀)လောက် ဆိုင်ကို ၀င်ပါတယ်"ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားကဲ့သို့ ရန်ကုန်မှ ဓာတ်ဆီ တင်ပို့သည့်ဒေသများအနက် ပုဂ္ဂလိက စက်သုံးဆီ နှစ်ဆိုင်ရှိသည့် ဒေသတစ်ခုတွင်မူ အပြင် ဓာတ်ဆီဈေးနှုန်းများမှာ မတ်လ ၈ ရက်နေ့တွင် အပြင်ဆိုင်မှ ကောက်ဈေး တစ်ဂါလန်လျှင် ကျပ် ၄,၈၀၀ မှ ၅,၀၀၀ အတွင်းရှိပြီး အပြင် ဆိုင်ရောင်းဈေးမှာမူ ကျပ် ၅,၅၀၀ အထိ လက်ရှိ ရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
"တစ်ဂါလန် ကျပ် ၅,၅၀၀ ဈေးပေါက်တာ အလွန်ဆုံး နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်"ဟု ၎င်းက ပြောသည်။
အပြင်ဓာတ်ဆီဈေးနှုန်းမှာ အနိမ့် ဆုံး ကျပ် ၃,၅၀၀ ခန့်မှ မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းက တရုတ်ပြည်ဘက်တွင် ဆီဈေးနှုန်းမြင့်မားမှုကြောင့် မြစ်ကြီး နားဘက်မှ ပြည်တွင်းဓာတ်ဆီများ တရုတ်ပြည်သို့တင်ပို့မှု များ ရှိသည်ကို ကြားမိကြောင်း ပြောသည်။
"အရင်က မြန်မာက တရုတ်ဘက်က ဆီကို ၀ယ်ပေမယ့် အခုတရုတ်ဘက်ကို ကန်ပိုက်တီးကနေတစ်ဆင့် ပို့နေတယ်လို့ကြားပါတယ်။ အပြင်ဆိုင်တွေက လည်း တရုတ်ပြည်ကို တစ်ဆင့်ပြန် ရောင်းတာပါ"ဟု ၎င်းက ပြောသည်။
ဓာတ်ဆီအတွက်မူ ရန်ကုန်နှင့် နယ် ဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၅၀၀ ခန့် အနည်းဆုံးကွာသော်လည်း ဒီဇယ်အတွက်မူ ကျပ် ၁၀၀ ခန့်သာ ကွာတတ်သကဲ့သို့ မြစ်ကြီးနားတွင်မူ ဒီဇယ်ပေါက် ဈေး တစ်ဂါလန် ကျပ် ၄,၅၀၀ ဈေးရှိသည်။
မြစ်ကြီးနားကဲ့သို့ နယ်ဘက်ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ဆိုင်ကယ်တန်းစီမှုပိုများပြီး တစ်စီးလျှင် လေးနာရီမှ ငါးနာရီအတွင်း ကြာမြင့်ကြောင်းနှင့် တစ်ဆိုင်လျှင် တစ်ရက် တန်းစီသည့် ဆိုင်ကယ်ပေါင်းအစီး ၁,၀၀၀ ခန့်ရှိကြောင်း ပြောသည်။
မန္တလေးမြို့တွင်လည်း ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းများ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ခါ နှစ်ဆခန့် တက်သွားသည်။ မတ်လ ၁ ရက်နေ့ ဓာတ်ဆီတစ်ဂါလန် ပြင်ပပေါက်ဈေးမှာ ကျပ် ၄,၈၀၀ ဖြစ်ပြီး ဒီဇယ်မှာ တစ်ဂါလန် ကျပ် ၅,၀၀၀ ဖြစ်နေသည်။
"ကျွန်တော်တို့ဆီမှာတော့ တစ်နေ့ကို ၁၀၀ လောက် တက်တယ်။ ပြီးခဲ့တဲ့ ငါးရက်လောက်ကတည်းက ဆီဈေး တွေတက်နေတာ။ တစ်ဂါလန် ကျပ် ၃,၄၀၀ ကနေ စတက်နေတာပါ"ဟု ၃၅ လမ်းပေါ်ရှိ စက်သုံးဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုတွင် ကမ္ဘာ့ရေနံဈေး မြင့်တက်လာမှုသည်လည်း အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။ ရေနံစိမ်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တစ်စည်လျှင် အမေရိကန် ၈၉ ဒသမ ၇၁ ရှိခဲ့ပြီး ၂၈ ရက်နေ့တွင် ၉၆ ဒသမ ၉၇ အထိ တက်ခဲ့သည်။ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ဈေးခုန်တက်မှုကြောင့် ပြေးဆွဲနေသော လိုင်းကားများမှာ ခရီးသည်များထံမှ ဈေး တက်ယူနေရသည်။
မြို့တွင်း ပုံမှန်လိုင်းပြေးဆွဲနေသော လိုင်းကား များမှာ ကျပ် ၂၀၀ စီ ပိုတက်ယူနေရပြီး မန္တလေးနှင့် မုံရွာပြေးဆွဲနေသောကားများမှာ ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှစတင်ပြီး ကျပ် ၈၀၀ တက်ယူနေကြောင်း သိရသည်။
ရန်ကုန်-မန္တလေး-နေပြည်တော် ပြေးဆွဲနေသော အဝေး ပြေးကားများမှာ ဒီဇယ်ဈေးတက်သော်လည်း ကားခဈေး မတက်သေးဘဲ ပုံမှန် ကျပ် ၁၀,၅၀၀ သာယူသေးကြောင်း မြတ်မန္တလာထွန်း ကားဂိတ်မှ သိရသည်။
ကားလိုင်းများမှာ ကုန်ကျစရိတ် မြင့်နေမည်ဖြစ်သော်လည်းမထသယာဉ်လိုင်း ခွင့်ပြုချက်ရရှိမှသာ ကားခဈေးနှုန်း များတက်မည်ဟု သိရသည်။
အဝေးပြေးကားများမှာ ရန်ကုန်နှင့်မန္တလေး ဒီဇယ် ဂါလန် ၁၀၀ ကျော်ကုန်ကြောင်း သိရသည်။
ကားခများမှာ အမြန်လမ်း မဖွင့်ခင်အချိန်ကတည်းက ကျပ် ၁၀,၅၀၀ ဖြစ်ပြီး အမြန်လမ်းဖွင့်ခဲ့သော်လည်း ဈေးကျခြင်း၊ ဈေးချခြင်း မရှိခဲ့ပေ။ ယခုဆီဈေးများ တက်လာသော်လည်း ယခင်ဈေး အတိုင်းကောက်ခြင်းသည် ပုံမှန်တွက်ခြေကိုက်နေခြင်း ကြောင့်ဖြစ်နိုင် ကြောင်း အဝေးပြေးကားအသိုင်းအ၀ိုင်းမှ တစ်ဆင့် သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မန္တလေးမြို့တော် စည်ပင်မှ ယင်းနယ်နိမိတ်အတွင်းရှိ ပလက်ဖောင်းများတွင် စက်သုံးဆီများ ရောင်းချခွင့်ကို တားမြစ်ခဲ့သေးသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ပြီး လိုက်နာမှုမရှိသော အရောင်းဆိုင်များကို သတိပေး ဖမ်းဆီးခဲ့သည်ဟုသိရသည်။
"ဓာတ်ဆီဆိုင်ငါးဆိုင်တော့ ပါသွားပြီ။ ကျန်တဲ့ဆိုင်တွေလည်း အဖမ်းအဆီးရှိတယ်ဆိုလို့ ဘယ်သူမှ မဖွင့်ရဲတော့ဘူး။ ကျွန်မတို့ ဆိုင်လည်း ဒီနေ့ပဲပိတ်လိုက်ရတာပါ"ဟု ဖေဖော် ၀ါရီလ ၂၅ ရက်နေ့ မန္တလေးမြို့အပြင်ဘက် ကျောက်မီးကျေးရွာ ဓာတ်ဆီဆိုင် တစ်ဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
"မြို့ထဲသွားရင်း လမ်းမှာ ဆီပြတ်သွားလို့ ဆီရောင်းတဲ့ဆိုင်ကို ဆိုင်ကယ်ကြီးတွန်းပြီး ပတ်ရှာနေရတာ။ နောက်ဆုံး ဘယ်မှာမှ ရှာ မရတော့ အိမ်တစ်အိမ်ဝင်ပြီး အကူအညီတောင်းခဲ့ရတာ။ ပိုက်ဆံ ပေးတာတောင် ဆီရောင်းမယ့်လူမရှိဘူးဖြစ်နေတယ်"ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။
ယင်းနေ့တွင် ကျောက်မီးကျေးရွာပိုင် ထုံးဘိုမြစ်ငယ်ဖြတ်လမ်း ပေါ်ရှိ ဓာတ်ဆီဆိုင်ငါးဆိုင်ကို စည်းကမ်းမလိုက်နာမှုကြောင့် ဖမ်းဆီး သွားပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း ထုံးဘို ကျေးရွာရှိ စက်သုံးဆီဆိုင်များကို ဖမ်းဆီးခဲ့သေးသည်။
"ဆီဆိုင်တွေဖမ်းတာ မီးဘေးအန္တရာယ်ကြောင့်ထင်တယ်။ မန္တလေးမှာ ပွင့်လင်းရာသီပဲရှိသေးတယ်။ မီးလောင်တာတွေ တအားများ နေတယ်။ လောင်တဲ့မီးတွေကလည်း ဓာတ်ဆီတွေကို ထုတ်နေတဲ့အချိန်မျိုး၊ ဓာတ်ဆီတွေကို ပုံးတစ်ပုံးကနေနောက်ပုံး တစ်ပုံးကို လှယ်နေတဲ့အချိန်မျိုးတွေမှာထပြီး မီးလောင်တာတွေ ကြုံတွေ့နေရတာ။ အဲဒါကြောင့် ပလက်ဖောင်းဘေးက စက်သုံးဆီ ဆိုင်တွေကို ပိတ်ခိုင်းတာ ထင်ပါတယ်"ဟု အရန်မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ဆိုင်ကယ်များ ပိုမိုများပြား လာမှုကြောင့် လမ်းဘေးပလက်ဖောင်း စက်သုံးဆီဆိုင်များလည်း များပြားလာခဲ့သည်။ စက်သုံးဆီဆိုင်များ နေရာအနှံ့ရှိလာခြင်းသည် နွေရာသီတွင် မီးဘေးအန္တရာယ်ကို ပိုမိုစိုးရိမ်စရာဖြစ်သည်ဟု သိပံ္ပလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့ အောင်ပင်လယ် စက်သုံးဆီဆိုင် တန်းများကို ပရန်တော်မြောင်း တူးဖော်ရန်အတွက် ပြောင်းရွှေ့ စေခဲ့သေးသည်။ အပြောင်းအရွှေ့ကာလများတွင် ဓာတ်ဆီနှင့်ဒီဇယ်များ ရှားပါးခဲ့ပြီး ဈေးတက်ခဲ့သေးသည်။

ရန်ကုန် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက် လာနိုင်ဖွယ်ရှိ


ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက်လာနိုင် ဖွယ်ရှိကြောင်း အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင်များထံက သိရသည်။
“အိမ်ခြံမြေ အရောင်းအဝယ်က လေလံတွေ ထွက်ပေါ်လာတယ်ဆိုရင်ပဲ ဈေးကွက်ကို ထိခိုက်တတ်တဲ့ သဘောရှိပြီး ဈေးကွက်လေးလံ သွားတတ်ပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက အိမ်ခြံမြေ လေလံတွေ ထွက်ပေါ်ခဲ့ပေမယ့် အရောင်းအဝယ်က ပုံမှန်ရှိနေတယ်။
အထူးသဖြင့် ဝယ်လက်က ကျပ်သိန်း ၃၀၀၀ ဝန်းကျင်အထိ သုံးစွဲဝယ်ယူလာကြတယ်။ လေလံပစ္စည်းတွေရဲ့ဈေးနှုန်းက ကျပ်သိန်း သောင်းချီလုပ်ရမယ့် ဈေးကွက်ပါ။ ပွိုင့်ကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်မတူညီတာကြောင့်လည်း မြေကွက်အရောင်းအဝယ်တွေ ပုံမှန်ရှိနေတာ ဖြစ်ပါတယ်။
ဈေးနှုန်းမြင့်တဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းတို့လို မြို့နယ်တွေမှာလည်း အရောင်း အဝယ် ရှိနေပါတယ်” ဟု ယူနတီအိမ်ခြံမြေမှ ဦးဇော်ဇော်က ပြောကြားသည်။
အဆိုပါမြေကွက်များအပြင် တောင်ဥက္ကလာပ၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ မြို့နယ်များရှိ ကျပ်သိန်း ၃၀၀၀ တန်မြေကွက်များလည်း အဝယ်ရှိနေသဖြင့် ကားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရွှေလုပ်ငန်းနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်ခိုင်မာမှုရှိသည့် အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင် သူများက ဆိုသည်။

လဆန်း ၁ ရက်နေ့တိုင်းကို “ယာဉ်တိုက်မှု ကင်းစင်ရေးနေ့” အဖြစ် သတ်မှတ်မည်


လစဉ်တိုင်း၏ လဆန်း ၁ ရက်နေ့ကို ‘ယာဉ်တိုက်မှု ကင်းစင်ရေးနေ့’ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။
အဆိုပါ ‘ယာဉ်တိုက်မှုကင်းစင်ရေးနေ့’အဖြစ် ယခုလ ၁ ရက်မှ စတင်သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ယာဉ်တိုက်မှုများ ကင်းစင်ပပျောက်လာစေရန် ရည်ရွယ်ကြောင်း ကြိုးမဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီသတ်မှတ်ထားတဲ့ရက်တွေမှာ ယာဉ်တိုက်မှုကျူးလွန်ခဲ့ရင် အရေးယူမှုကိုပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်ရမှာပါ”ဟု ယာဉ်မှုစစ်ရဲစခန်းမှ တာဝန်ရှိသူကလည်း ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်းနှင့် ယခုနှစ်ကာလတူတို့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယာဉ်မတော်တဆမှုများတွင် ပါဝင်ပတ်သက်လျက်ရှိသော ယာဉ်အမျိုးအစားများတွင် ကိုယ်ပိုင်ယာဉ်များက အများဆုံးဖြစ်ကာ ခရီးသည်တင် ယာဉ်များက ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

အမြဲတမ်းကော်မတီများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် မျှော်မှန်း



ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့တွင် အမြဲတမ်းကော်မတီ လေးရပ်စီကို ဖွဲ့စည်းပြီးဖြစ်ရာ အဆိုပါ ကော်မတီများ၏ လုပ်ဆောင်ချက်များ ထိရောက်နိုင်ရန် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များက မျှော်မှန်းထားကြသည်။
ပြည်ထောင်စုလွှတ်တော်ကို ခေတ္တ ရပ်နားထားပြီးနောက် မတ်လ ၁ ရက်နေ့ က စတင်ခါ လွှတ်တော်နှစ်ရပ်၏ အစည်း အဝေးများကို ပြန်လည်ခေါ်ယူခဲ့ပြီး ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေ စာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။
ထို့ပြင် အဆိုပါကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ကော်မတီဝင်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကိုလည်း တစ်ပြိုင်နက်တည်း ပြဋ္ဌာန်းခဲ့သည်။ ယင်းတို့မှာ အမြဲတမ်းကော်မတီများ ဖြစ်သည့်အလျောက် လွှတ်တော်အစည်း အဝေးများ ရပ်နားထားသည့်အချိန်တွင် လည်း အဆိုပါကော်မတီများမှာ ဆက်လက် အသက်ဝင်နေမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီဝင်တစ်ဦး ဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
"လွှတ်တော်အစည်းအဝေးတွေ မရှိချိန်မှာလည်း ဒီကော်မတီတွေဟာ လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး အကောင်အထည်ဖော်နေမယ်။ ဒါကြောင့် ဥပဒေပြုရေးအပိုင်းဟာ တစ်ချိန်လုံး အသက်ဝင်နေမယ်။ အုပ်ချုပ်ရေးအပိုင်းဟာ သမ္မတတွေ၊ ၀န်ကြီးတွေနဲ့ တစ်ချိန်လုံး အသက်ဝင်နေမယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါကော်မတီများ၏ အစီရင်ခံစာများပေါ်မူတည်ကာ လွှတ်တော်ခေါ်ယူသင့်သည်ဟု လွှတ်တော်ဥက္ကဋ္ဌက ယူဆပါက လွှတ်တော် ကို ထပ်မံခေါ်ယူမည် ဖြစ်သည်။
ယင်းသို့ဖွဲ့စည်းရာတွင် လွှတ်တော် တစ်ရပ်လက်အောက်ရှိ ကော်မတီတစ်ရပ်တွင် အဖွဲ့ဝင် ၁၅ ဦးစီ ပါရှိသည့် အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၁၀ ဦးစီခန့် ပါဝင်ကာ အခြား ပါတီများက သုံးပုံတစ်ပုံခန့်ပါဝင်ခွင့်ရနေသည်ကို တွေ့ရသည်။
အဆိုပါကော်မတီဝင်များတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစိုးရ ၀န်ထမ်းများ အများစု ပါဝင်နေသဖြင့် ထိရောက်စွာ လုပ်ဆောင်ခွင့်ရရန် ကော်မတီဝင်များက မျှော်လင့်လျက်ရှိသည်။
ကော်မတီလေးရပ်အနက် ပထမဆုံးအဖြစ် မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ဥပဒေကြမ်းကော်မတီ၏ အရေးပါမှုနှင့်ပတ်သက်ပြီး ဒေါက်တာမြတ်ဉာဏစိုးက "ဥပဒေကြမ်းရေးဆွဲရာမှာ တစ်ဦးကောင်းတစ်ယောက်ကောင်း ရေးဆွဲလို့ မရဘူး။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးကို ကာကွယ်ပေးနိုင်တယ်။ ဒါတွေကို တစ်ခုခုက overrule လုပ်ထားလား၊ ချိုးဖောက်ခံထားရလားဆိုတာကို ဖော်ထုတ်ပြီး ပြည်ထောင်စုအစိုးရကို တင်ပြလို့ရတယ်။ တားမြစ်လို့ရတယ်။ ဒီအချက်တွေအတိုင်း စောင့်ကြပ်ကြည့်ရှုလို့ ရတယ်" ဟု ပြောသည်။
ဒုတိယဖွဲ့စည်းခဲ့သည့် ပြည်သူ့ငွေ စာရင်းကော်မတီများအနက် ပြည်သူ့ လွှတ်တော်ရှိကော်မတီကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် လက်ရှိတာဝန်ယူထားသူ ဦးသူရိန်ဇော်က ဦးဆောင်သကဲ့သို့ အမျိုးသားလွှတ်တော် ၏ ကော်မတီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထွန်းက ဦးဆောင် ဖွဲ့စည်းထားသည် ကို တွေ့ရသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာ ရင်းကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ်က ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အနက် အစိုးရ ၀န်ကြီးဌာနနှင့် လုပ်ငန်းဌာနများ၏ ဘဏ္ဍာငွေသုံးစွဲမှုကို စိစစ်ရန်မှာ အရေး အပါဆုံးဟုယူဆကြောင်း ပြောသည်။
အဆိုပါကော်မတီသည် အစိုးရသစ်ကို အာဏာလွှဲအပ်ပြီးနောက်မှသာ ယင်းကဲ့သို့ စိစစ်ခြင်းကိုပြုလုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တတိယကော်မတီအဖြစ် မတ်လ ၄ ရက်နေ့က ဖွဲ့စည်းသည့် လွှတ်တော် အခွင့်အရေးကော်မတီများကိုမူ လွှတ်တော် ဥပဒေများအရ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌများကသာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကော်မတီသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ နိုင်ငံရေးအခွင့်အရေးများနှင့် ပတ်သက်ပြီး ချိုးဖောက်ခံရခြင်း ရှိပါက တင်ပြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် လွှတ် တော်အခွင့်အရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးဆောင်ဆီကပြောသည်။
"အခွင့်အရေးဆိုတာ ပုဂ္ဂလိက အခွင့်အရေးမဟုတ်ဘူး။ လွှတ်တော်နိုင်ငံရေး အခွင့်အရေးကိုပြောတာ။ ဖောက်ဖျက်ခံရတယ်ဆိုပြီး တင်ပြလာရင် ဒီကော်မတီ က ဘယ်လိုအချက်တွေကြောင့် ဖောက်ဖျက်ခံရတာလဲ၊ ဘယ်တုန်းက ဖြစ်တာလဲ ဆိုတာတွေကို စိစစ်ပြီး လွှတ်တော် ကို အစီရင်ခံစာတင်ရမယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတကာလွှတ်တော်များ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ လွှတ်တော်များနှင့် ချိတ်ဆက်ကာ အဆိုပါလွှတ်တော်များ၏ လုပ်ဆောင် ချက်များကို လေ့လာရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ကော်မတီလေးရပ်အနက် နောက်ဆုံးဖွဲ့စည်းရန်ကျန်ရှိသည့် 'အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ'ကိုလည်း မတ်လ ၇ ရက်နေ့က ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီများတွင်မူ ထူးခြားချက်အနေဖြင့် အမျိုးသားလွှတ်တော်၌ ဖွဲ့စည်းသည့် ကော်မတီကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
ယင်းကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသည့် ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အဆို၊ သို့မဟုတ် အစီရင်ခံစာနှင့် စပ်လျဉ်းပြီးသော် လည်းကောင်း၊ အမျိုးသားလွှတ်တော်တွင် ဖြေကြားသောမေးခွန်းများ၊ ကတိ ပြုခဲ့သောအာမခံချက်များနှင့် တာဝန် ခံချက်များကိုလည်းကောင်း စိစစ်ရမည်ဖြစ်သည်။
အဆိုပါကော်မတီများအပြင် လိုအပ်ပါက အခြားကော်မတီများကို အချိန် ကာလသတ်မှတ်ကာ ဖွဲ့စည်းနိုင်ကြောင်း ဒေါက်တာမြတ် ဉာဏစိုးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်နှစ်ဦး ထုတ်ပယ်ခံရ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး သည် လွှတ်တော်ကိုယ်စားလှယ်များ ရှိရမည့် သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း တွေ့ရှိရ၍ ၎င်းတို့နှစ်ဦးကို မတ်လ ၄ ရက်နေ့က လွှတ်တော်အသီးသီးက ထုတ်ပယ် လိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ(၇)မှ ရွေးချယ်တင် မြှောက်ခြင်းခံရသည့် ဒေါ်ချိုနွယ်ဦးနှင့် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအံ့ကြီးတို့နှစ်ဦးသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်ဟူသော သတ်မှတ် ချက်နှင့် မကိုက်ညီသောကြောင့် ယင်းသို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။
"မိဘနှစ်ပါးမှာ နိုင်ငံသားမဟုတ်တဲ့သူ ပါတယ်လို့ လ၀က (လူဝင်မှုကြီးကြပ်ရေး)က တွေ့တယ်ဆိုပြီး ကော်မရှင်က အကြောင်းကြား တာ"ဟု အဆိုပါ ကိုယ်စားလှယ်က ပြောသည်။
ယင်းသို့ သတ်မှတ်ချက်မကိုက်ညီခြင်းကို ရွေးကောက်ပွဲကျင်းပပြီး ၁၁၆ ရက်အကြာတွင် ထုတ်ဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထုတ်ပယ်ခံရသည့် ကိုယ်စားလှယ် နှစ်ဦးအနက် ဒေါ်ချိုနွယ်ဦးသည် မတ်လ ၃ ရက်နေ့က ဖွဲ့စည်းလိုက်သည့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီတွင်လည်း ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံထားရသည့် အတွက် ၎င်းအစား ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်(၈)မှ ဒေါက်တာခင်မောင်လေးကို ပြီးခဲ့သည့်သောကြာနေ့တွင်ပင် အစားထိုးခန့်ထားလိုက်ကြောင်း အဆိုပါကိုယ်စား လှယ်က ပြောသည်။
သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် ထုတ်ပယ်ခံရသည့် လွှတ်တော်အမတ်သုံးဦးရှိပြီဖြစ်ပြီး ၎င်းတို့သုံးဦးစလုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ချင်းပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးကွီးထန်းမှာလည်း သတ်မှတ်ထားသည့်အသက် မပြည့်သည့်အတွက် ကန့်ကွက်ခံရပြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဦးကွီးထန်းသည် အသက် ၂၅ နှစ် ပြည့်ရန် ၁၉ ရက်လိုနေသည်ကို ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး က တွေ့ရှိပြီး ကန့်ကွက်သည့်အတွက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ငါးသိန်းဖုန်းများ တစ်နိုင်ငံလုံးတွင် ချပေးတော့မည်


ရန်ကုန်၊ မတ် ၄- CDMA 800 MHz ငါးသိန်းတန် WLL ဝိုင်ယာလက် အော်တိုတယ်လီဖုန်း များကို မြန်မာနိုင်ငံ အနှံရှိ မြို့ကြီးများတွင် စတင်ချပေးတော့မည် ဖြစ်ကြောင်း သိရသည်။
ယခင်က ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင်သာ သုံးစွဲခွင့်ပြုထားသော အဆိုပါ ငါးသိန်းတန် တယ်လီဖုန်းများကို ဒေသခံပြည်သူများအနေဖြင့် ပိုမိုစိတ်ဝင်တစား သုံးစွဲ ခဲ့ကြပြီး ယခုအခါ သုံးစွဲသူ ပြည်သူများ ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် အင်တာနက် များကိုပါ ချိတ်ဆက် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
“အစတုန်းကတော့ ဒီဖုန်းတွေကို ရန်ကုန်နှင့် မန္တလေးမှာသာ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ဒီလိုသုံးစွဲခွင့်ပြုခဲ့ရာမှာလဲ ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်ဖို့အတွက် (01) ဆိုတဲ့ ကုတ်နံပါတ် တွေကို (09)သို့ ပြောင်းလဲပေးခဲ့သလို ယခုဆိုရင် အင်တာနက်တွေပါ ချိတ်ဆက်အသုံးပြု နိုင်တဲ့အထိ ဝန်ဆောင်မှုတွေ ပေးထားတော့ ပြည်သူတွေအနေနဲ့ ပိုပြီး တိုးလျှောက်လာ ကြတာ တွေ့ရပါတယ်။
ရန်ကုန်နဲ့ မန္တလေးမှာ လက်ရှိချပေးနေတဲ့ ဒီဖုန်းတွေ သတ်မှတ်လုံးရေ ပြည့်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဆိုရင် အလုံးရေ ၃၀,၀၀၀ ခန့် သာ ကျန်ပြီး မန္တလေးမှာ အလုံးရေ ၁၀,၀၀၀ လောက်သာ ချပေးဖို့ ကျန်ပါတော့တယ်။ ယခု ထပ်မံချပေးဖို့ ဆောင်ရွက်နေတာ ကတော့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တွေမှာလဲ ငါးသိန်းတန်ဖုန်း ကို အသုံးပြုခွင့်ရဖို့အတွက် အလုံးရေ ၈၀,၀၀၀ ချပေးဖို့ ဆောင်ရွက်နေပါပြီ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနှံတွင် မကြာခင် စတင်ချပေးတော့မည့် အဆိုပါ ငါးသိန်းတန်ဖုန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရှိသော မြို့ကြီးများကို ဦးစားပေးချပေးမည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များမှ မြို့ကြီးများတွင်လည်း လျင်မြန်စွာ သုံးစွဲခွင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
“လက်ရှိကျွန်တော်တို့ဆီမှာ သုံးနေတဲ့ ဖုန်းကတော့ ငါးသိန်းပဲ။ ဒါပေမဲ့ 09- 49 နဲ့စတဲ့ 450MHz ဖုန်းတွေပါ။ ယခင်က ရန်ကုန်ဖုန်းလို့ ပြောနေကြတဲ့ ဒီငါးသိန်းတန်က 09 မဟုတ် တဲ့အတွက် ကျွန်တော်တို့နယ်တွေဘက်မှာ သုံးလို့မရခဲ့ပါဘူး။ ယခုဆိုရင် ရန်ကုန်ဖုန်းကိုလဲ 09 ကုတ်ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာသုံးစွဲလို့ ရနေပြီဆိုတော့နောက် ဆိုရင် ဒီဖုန်းတွေကိုပိုပြီး အသုံးပြုလာကြမှာ သေချာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီ 800MHz ဖုန်းရဲ့ အားသာချက်က အင်တာနက်ပါ အသုံးပြုလို့ ရပြီဖြစ်သလို ဝန်ဆောင်ခလဲ သက်သာတဲ့အတွက် ကျွန်တော်တို့လို နယ်ဒေသခံတွေ အနေနဲ့ ပိုပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်” ဟု စစ်တွေမြို့နယ်တွင် 09-49641xxx သုံးစွဲနေသည့် ဒေသခံ တစ်ဦးက ပြောသည်။
ရန်ကုန်နှင့် မန္တလေးတွင် သုံးစွဲခွင့်ပြုထားသော အဆိုပါ CDMA 800MHz WLL ဝိုင်ယာလက် အော်တိုတယ်လီဖုန်း၏ ကုတ်နံပါတ်မှာ ယခုအခါ 01 မှ 09 အဖြစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သော်လည်း ယင်းဖုန်းများကို မြန်မာနိုင်ငံအနှံတွင် အသုံးပြုခွင့် ရရှိရန်အတွက် ဟန်းဆက်များကို ပြောင်းလဲကိုင်ဆောင်ရမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခ နှုန်းထားများကို ယခင်ခေါ်ဆိုခ နှုန်းထားအတိုင်းသာ ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ငါးသိန်းတန် CDMA 800MHz မိုဘိုင်းဖုန်း အလုံးရေ ၁၆၀,၀၀၀ ကျော်ကို ရန်ကုန်မြို့တွင် သုံးစွဲခွင့်ပြုထားပြီး မန္တလေးတိုင်း ဒေသကြီးတွင် အလုံးရေ ၄၅,၀၀၀ ကျော် ချပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ထပ်မံချပေးရန် ဖုန်းမှာ အလုံးရေ ၃၀,၀၀၀ သာ ကျန်ရှိ နေပြီး မန္တလေးတိုင်းဒေသတွင် အလုံးရေ ၁၀,၀၀၀ သာ ကျန်ရှိနေသည် ဟု သိရသည်။ မြန်မာနိုင်ငံအနှံ့တွင် မကြာခင်ချပေးတော့မည် အဆိုပါ ဖုန်းများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် တိုက်ရိုက် လျှောက်ထားခွင့် ပြုထားမည်ဟု သိရသည်။

စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းဖော်ဆောင်ရန် တရုတ်မှ ကမ္ဘာ့တတိယအကြီးဆုံး သောင်တူးရေယာဉ်ကြီး လာရောက်မည်


ရန်ကုန်၊ မတ် ၃ - စစ်တွေရေနက်စီမံကိန်း ဖော်ဆောင်ရန် တရုတ်မှ ကမ္ဘာ့တတိယ အကြီးဆုံး သောင်တူးရေယာဉ်ကြီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် ပါဝင်သည့် စစ်တွေရေလမ်းကြောင်း ပြုပြင်ရန် တရုတ်မှ ကမ္ဘာ့တတိယ အကြီးဆုံး သောင်တူး ရေယာဉ်ကြီး ယခုလအတွင်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ထိုသောင်တူးရေယာဉ်ကြီးသည် အရှေ့ တောင်အာရှတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာတွင် တတိယအကြီးဆုံးဖြစ်ကာ တရုတ်နိုင်ငံ CCCC Tianjin Dredging Co., Ltd. မှပိုင်ဆိုင်သော ရေယာဉ်ကြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီကို ကုလားတန်မြစ်ကြောင်း စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေ ရေလမ်း ကြောင်း ပြုပြင်ဖို့ ခေါ်ယူတဲ့အတွက် လာရောက်မှာ ဖြစ်ပါတယ်။ စစ်တွေရေလမ်းကြောင်း က တခြားရေလမ်းကြောင်းတွေလို မဟုတ်ဘဲ ကျောက်သားတွေရှိတဲ့အတွက် အခုလို ကမ္ဘာ့အဆင့်မီ သောင်တူးရေယာဉ်ကြီးနဲ့ ပြုပြင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု CCCC Tianjin Dreding Co., Ltd. Overseas Business Dept. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းကုလားတန်မြစ်ကြောင်း စီမံကိန်းသည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှ မီဇိုရမ်ဒေသသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယမှ အကုန်အကျခံ တည်ဆောက် သွားမည့် စီမံကိန်း ဖြစ်သည်။ “စီမံကိန်းအရ ပင်လယ်ကူး သင်္ဘောကြီးတွေ စစ်တွေ ရေလမ်းကြောင်းကို အလွယ်တကူ ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ရေနက်ရအောင် ရေလမ်းကြောင်း ပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှ ပင်လယ်ကူး သင်္ဘောကြီးတွေ အသစ်တည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ပြီး ရခိုင် ပြည်နယ်ကို ဖြတ်ကာ မီဇိုရမ်ဒေသကို ကုန်ပစ္စည်းများ အလွယ်တကူ တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။
အရင်က စစ်တွေ ရေလမ်းကြောင်းအား ပြုပြင်ရာတွင် အောက်ခံကျောက်သားများအား မိုင်းခွဲရှင်းလင်းပြီး ဆောင်ရွက်ရကြောင်း သိရသည်။ ထိုသို့ မိုင်းခွဲပြီး ရေလမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းကြောင့် ရေပေါ်ရေအောက် သယံဇာတများ ပျက်စီး မှုများ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုင်စေနိုင်ကြောင်း သိရသည်။
အဆိုပါ ရေလမ်းကြောင်း ပြုပြင်ခြင်းကြောင့် မလိုလားသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ရေပေါ်ရေအောက် သယံဇာတများ ပျက်စီးမှုကို ကမ္ဘာ့အဆင့်မီ သောင်တူးရေယာဉ်ကြီး အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes