Showing posts with label world's news. Show all posts
Showing posts with label world's news. Show all posts

၂၀၁၁ ၏ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာများ စာရင်း


၂၀၁၁ ဘီလျံနာများ စာရင်းမှာတော့ ယခင် မှတ်တမ်းစံချိန်ကို ချိုးလိုက်တဲ့ အချက်၂ ချက် ပါဝင်နေပါသည်။ ဒါတွေကတော့ ဒီစာရင်းမှာ ပါဝင်လာသူ ဘီလီယံနာ စုစုပေါင်း အရေအတွက်ဟာ ၁၂၁၀ ယောက်ရှိပြီး ၄င်းတို့ အားလုံးစုစုပေါင်း ကြွယ်ဝမှု တန်ဖိုးသည် ဒေါ်လာ ၄.၅ ထရီလီယံ ခန့်ရှိပါသည်။ ယခု ပမာဏသည် ဂျာမနီနိုင်ငံ တစ်ခုလုံး၏ စုစုပေါင်း ပြည်တွင်းထွက်ကုန် တန်ဖိုးကိုပင် ကျော်လွန်သွားခဲ့ပါသည်။ ဂျာမနီနိုင်ငံဟာ ဒီနှစ်မှာ စာရင်းဝင်ဘီလျံနာ နည်းသွားတဲ့ နိုင်ငံခြောက်နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါသည်။ ယခုနှစ်တွင်မှ စာရင်းထဲ ပါဝင်လာကြသော ဘီလီယံနာ အသစ် ၂၁၄ ယောက်တွင် BIRCs ခေါ် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက ၁၀၈ ယောက်တောင် ပါဝင်လာသည့် အတွက်ကြောင့် ဘီလီယံနာ လေးယောက်မှာ တစ်ယောက်က ဒီနိုင်ငံများမှ ဖြစ်လာခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က BIRCs တွေက ဘီလီယံနာ ဆယ်ယောက်မှာတွင် တစ်ယောက်နှုန်းသာ ပါဝင်ခဲ့ကြပါသည်။ ယခုအချိန်တွင် တရုတ်ပြည်တွင် ဘီလီယံနာ ၁၁၅ ယောက် နှင့် ရုရှားတွင် ၁၀၁ ယောက် ရှိပြီး ယခင်နှစ်များတွင် အမေရိကန်နိုင်ငံကသာ ဘီလီယံနာ ၁၀၀ ကျော် ရှိခဲ့ဖူးသည်။

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာတော့ မက္ကဆီကို ၏ Carlos Slim Helu က သူ့ရဲ့ ချမ်းသာတဲ့ပမာဏကို ဒီနှစ်မှာ ၂၀.၅ ဘီလီယံ ထပ်ပေါင်းထည့်ပြီး ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။ တယ်လီကွန်လုပ်ငန်း (Telecom) သူဌေးကြီးချမ်းသာသမျှ၏ ၆၂ % ကို ရှာပေးနေတဲ့ America Movil (AMX) ၏ တန်ဖိုးဟာ ၇၄ ဘီလီယံ ရှိသွားပြီဖြစ်လို့ သူ့နောက်နားက ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား ကျော်တက်သွားပါသည်။ နံပါတ် ၂ နေရာက Bill Gates (Microsoft) နဲ့ နံပါတ် ၃ နေရာက Warren Buffett (Berkkshire Hathaway) တို့ နှစ်ယောက်စလုံး၏ ချမ်းသာမှုဟာ ၃ ဘီလီယံဖိုး တိုးလာခဲ့လို့ ၅၆ ဘီလီယံ နဲ့ ၅၀ ဘီလီယံ အသီးသီး ကြွယ်ဝကြပါသည်။ Bill Gates ဟာ အခုအချိန်မှာ Microsoft အပြင် မက္ကဆီကို စတော့ဈေးကွက်မှာ ဝင်ရောက် ရင်းနှီးမြှပ်နှံနေပြီး မက္ကဆီကိုမှ Coke ပုလင်းသွတ်လုပ်ငန်း၊ Femsa နဲ့ Grupo Televisa တို့မှာ ရင်းနှီးမြှပ်နှံနေပြီး ဒီလုပ်ငန်းတွေက ဝင်ငွေဟာ စုစုပေါင်း ကြွယ်ဝမှု ၏ ၇၀% ရှိပါသည်။

အခြားနေရာတွေမှ ဈေးကွက်တွေမှာ အခြေအနေတွေ ကောင်းလာနေသလို အာရှပစိဖစ် ဒေသမှာလည်း အရှိန်အဟုန် ပြင်းပြင်းနဲ့ကို ကြွယ်ဝချမ်းသာ လာကြပါသည်။ အာရှပစိဖစ် ဒေသအတွင်းမှာ ယခင်နှစ်က ဘီလီယံနာပေါင်း ၂၃၄ ယောက် မှ ယခုအချိန်တွင် စံချိန်တင် ဘီလီယံနာပေါင်း ၃၃၂ ယောက်ရှိနေပြီး ၂၀၀၉ စီးပွားရေး အကြပ်တည်းဆုံးအချိန်တွင်ပင် အယောက် ၁၃၀ ရှိခဲ့ပါတယ်။ စတော့ဈေးကွက် များမှာလဲ အတော်ကြီးထွား လာလျှက်ရှိပြီး အာရှမှ ဘီလီယံနာသစ် စာရင်းဝင် ၁၀၅ ယောက်၏ လေးပုံသုံးပုံက စတော့ဈေးကွက်တွင် ဝင်ရောက်ကစားပြီး ကြီးပွါးလာကြခြင်းဖြစ်ကာ အဆိုပါ ဈေးကွက်ထဲရှိ လုပ်ငန်းများထဲမှ ၂၅ ခုမှာ ၂၀၁၀ အစောပိုင်းကမှ ဝင်ရောက်လာကြသော လုပ်ငန်းများဖြစ်ကြပါတယ်။
 
အမေရိကန်သူဌေးတွေက ထိပ်ဆုံးမှာ ရှိနေကြသေးပေမယ့် အမေရိကဟာ တဖြည်းဖြည်းချင်း နေရာပျောက်လာပါပြီ။ ယခင် ဆယ်နှစ် ခန့်တုန်းက ဘီလီယံနာ နှစ်ယောက်မှာ တစ်ယောက်က အမေရိကားမှ ဖြစ်ခဲ့ပေမယ့် အခုမှာတော့ သုံးယောက်မှာမှ တစ်ယောက်နှုန်းပဲ ရှိပါတော့သည်။ မနှစ်ကထက် ၁၀ ယောက်ပိုလာသော်လည်း ၂၀၀၈ တုန်းကထက်တော့ ၅၆ ယောက်နည်းသွားခဲ့ပါသည်။ နှစ်စဉ် ဘီလီယံနာ ဦးရေ တိုးနှုန်းကလဲ အတော်ကိုနှေးကွေးသွားပြီး တရုတ်၏ ၄၇ %နှင့် ရုရှား၏  ၃၀% နှင့် ယှဉ်လိုက်လျှင် အမေရိကား၏ ၆% (ဘီလီယံနာ ၄၁၃ ယောက်) ဟာ အတော်ကိုပင် နဲပါးလှသည်ဟု ဆိုနိုင်ပါသည်။
 
ဘီလီယံနာသစ်များ အတော်ပင်များပြားလာသလို ဘီလီယံနာ ဖြစ်လာသည့် နည်းလမ်းများသည်လည်း များစွာ ကွဲပြားကြပါသည်။ အသိသာဆုံး ဥပမာကတော့ Facebook ပဲဖြစ်ပါသည်။ နှစ်နှစ်တွင်းမှာပင် ၅၀ ဘီလီယံခန့် တန်ဖိုးတတ်လာတဲ့ Facebook ဟာ ဘီလီယံနာ ၆ယောက်မွေးထုတ် ပေးလိုက်ပါသည်။ Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg ရဲ့ ပိုင်ဆိုင်မှုဟာ တစ်နှစ်ထဲနှင့် ၂၃၈% တတ်လာခဲ့ပြီး ၁၃.၅ ဘီလီယံ ဖြစ်သွားခဲ့ပါတယ်။ နောက်ထပ်စာရင်းဝင်တွေကတော့ Zukerberg နှင့် Facebook ကို ပူးပေါင်းတည်ထောင် သူများဖြစ်သည့် Eduardo Saverin နဲ့ Dustin Moskovitz ၊ Facebook ၏ ပထမဆုံး President Sean Parker (The Social Network ရုပ်ရှင်ထဲတွင် Justin Timberlake ၏ ဇာတ်ကောင်) နှင့် ရုရှားမှ အင်တာနက် ရင်းနှီးမြုပ်နှံသူ Yuri Milner တို့ဖြစ်ကြပါသည်။ ၄င်းတို့ထဲမှ အသက် ၂၆နှစ်ရှိ Moskovitz မှာ ကောလိပ်တုန်းက သူ၏အခန်းဖော်ဖြစ်ခဲ့ဖူးသည့် Zuckerberg ထက် အသက် ၈ရက် ပိုငယ်သောကြောင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာခဲ့ပါသည်။
 
အခြား Social Networking ဆိုင်ရာ လုပ်ငန်းများ ဖြစ်ကြသည့် အွန်လိုင်း ဂိမ်းလုပ်ငန်း Zynga နှင့် အွန်လိုင်း ကူပွန် website ဖြစ်သည့် Groupon တို့ကလဲ ဘီလီယံ ၂ယောက်အဖြစ် (Facebook တွင်အမြဲနီးပါးတွေ့ရသည့် လယ်ကွက်များ၏ ဖန်တီးရှင်) Mark Pincus နှင့် Groupon group ၏ အမှုဆောင်အရာရှိချုပ် Eric Lefkpfsky တို့ကိုမွေးထုတ်ပေးခဲ့ပါသည်။ အခြား မှတ်သားလောက်သည့် လူသစ်များကတော့ Forever 21 တည်ထောင်သူများ ဖြစ်ကြသော Do Won နှင့်Jin Sook Chang ၊ Illinois ရှိ ကျောက်မီးသွေးများစွာ ပိုင်ဆိုင်သည့် Chris Cline တို့ ဖြစ်ပါသည်။

ဒီသူကြွယ်ကြီးများဟာ သူတို့၏ သုံးမကုန်နိုင်သော ကြွယ်ဝမှုများကို ရက်ရက်ရောရော လှူဒါန်းလေ့ရှိပြီး လူသားအားလုံးအတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေကြပါသည်။ ဥပမာ - Gates နဲ့ Buffett တို့ကလည်း တိုက်ကြီးသုံးတိုက်ကို လှည့်လည်သွားလာပြီး လူချမ်းသာကြီးတွေ အလှူအတန်းလုပ်လာဖို့ ဆော်သြနေခဲ့တာ ကြာပါပြီဖြစ်သလို
Ernesto Bertarelli ကလည်း ရေနေသတ္တဝါများ အစုလိုက်အပြုံလိုက် မျိုးသုန်းခြင်းကို ကာကွယ်ဖို့ လုပ်နေပါတယ်။ နိဂုံးချုပ်အနေနှင့် ဘာဖြစ်လို့များ ခုလို အချိန်ကုန်ခံပြီး သူများတွေ ဘယ်လောက်ချမ်းသာလဲ လိုက်ကြည့်နေကြတာပါလိမ့်ဟု မေးခွန်းထုတ်နိုင်ပါသည်။ အဖြေကတော့ ဒီသူကြွယ်ကြီးတွေ ၄င်းတို့၏ ဘဝတွင် မည်သို့ ရုန်းကန်လှုပ်ရှားပြီး မည်သို့ ကြိုးစားအားထုတ်ခဲ့ပုံ (Self-made) များကို အားကျအတုယူစရာ နိုင်ရန်ဖြစ်သလို ဒီသူဌေးကြီးတွေကြောင့် ကမ္ဘာမှအပြောင်းအလဲတွေ ဖြစ်လာနိုင်သည်ကို သိရှိနိုင်ရန်တို့ပင် ဖြစ်ပါတော့သည်။ 

Source>>>shewlone

အာဆီယံအဖွဲ့သို့ ၀င်ခွင့်ပြုပေးရန် အရှေ့တီမောနိုင်ငံ လျှောက်ထား




အရှေ့တောင်အာရှနိုင်ငံသစ် အရှေ့ တီမောသည် ၎င်းဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အဖွဲ့ကြီးသို့ဝင်ခွင့်ပြုရန် တရားဝင်လျှောက်ထားလိုက်ပြီဖြစ်သည်။
အဖွဲ့ဝင် (၁၀)နိုင်ငံပါအာဆီယံ၏ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ယူထားသည့်အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တစ်ခုအတွင်း အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီး ဇာကာရီယပ်ဒါကောစ့်တာက လျှောက်လွှာကို လက်မှတ်ရေးထိုး တင်သွင်းခဲ့ခြင်းဖြစ်သည်။
အရှေ့တီမောသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရန် တတ်နိုင်သမျှ အမြန်ဆုံးလိုလားလျက်ရှိသည်။ သို့ရာတွင် အဖွဲ့ဝင်များ စီးပွားရေးကျ
ဆင်းမှုနှင့် ရင်ဆိုင်နေရသည့် အာဆီယံက နောက်ထပ်ဆင်းရဲသည့် အဖွဲ့ဝင်နိုင်ငံတိုးလာမည်ကို လက်ခံရန်မလွယ်သေးကြောင်း ဝေဖန်မှုများရှိသည်။
အာဆီယံအဖွဲ့သို့ အရှေ့တီမော ၀င်ရောက်ခွင့်ရမည်ဆိုသည်မှာ သံသယဖြစ်စရာမရှိပါ။ ဘယ်အချိန် ၀င်ခွင့်ရမည် ကိုသာမေးစရာရှိ သည်။ အရှေ့တီမော၏ကိုလိုနီဟောင်း အင်ဒိုနီးရှားအပါအ၀င်နိုင်ငံအချို့က အရှေ့တီမောအသင်းဝင်ဖြစ်ခွင့်ရရေးထောက်ခံကြသည်။
အရှေ့တီမောသည် ပထ၀ီဝင်အနေ အထားအရရော၊ နိုင်ငံရေးနှင့် စီးပွားရေးအရပါ အရှေ့တောင်အာရှ၏ အနာဂတ်နှင့် ဆက်စပ်နေ ကြောင်း၊ ထို့ကြောင့်၎င်း၏ အသင်းဝင်အဖြစ် လျှောက်ထားခြင်းကို မဆိုင်းမငံ့ လက်ခံသင့်ကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက
လျှောက်လွှာကိုလက်ခံရင်း ပြောသည်။
သို့ရာတွင် အဖွဲ့အနေဖြင့် အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးသား မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ၂၀၁၅ ခုနှစ် လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွက် ပြင်ဆင်နေရာတွင် ကူညီပေးရန်ကို ပိုပြီး အာရုံထားသင့်သည်ဟု အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများက ယုံကြည်ကြသည်။

သမ္မတဟောင်း မူဘာရက်၏လူ အီဂျစ်ဝန်ကြီးချုပ် နုတ်ထွက်



အီဂျစ်သမ္မတဟောင်း ဟော့စ်နီ မူဘာ ရက်နှင့် ဆက်နွှယ်မှုများရှိသည့်အပေါ် အတိုက်အခံများ၏ ဒေါသတကြီး တုံ့ပြန်မှုများကြောင့် အီဂျစ်ဝန်ကြီးချုပ် အာမက် ရှာဖစ်သည် ယခုလ ၃ ရက် နေ့က ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
အဆိုပါ လေတပ်အရာရှိဟောင်းကို မူဘာရက်က ၎င်းရာထူးမှ မနုတ်ထွက်မီဝန်ကြီးချုပ်ရာထူး တိုးပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြုခြင်း အားဖြင့် မူဘာရက်သည် ၎င်းကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ထောင်ပေါင်းများစွာသော လူထုအားဖျောင်းဖျနှစ်သိမ့်ရန် ရည်ရွယ်ခဲ့ သည်။
အီဂျစ်တပ်မတော်က ပို့ဆောင်ရေး ၀န်ကြီးဟောင်း အက်ဆမ် ရှာရက်ဖ်ကို ၀န်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ် လိုက်သည်။ မစ္စတာ ရှာရက်ဖ်သည် မူဘာရက်၏ အစိုးရအဖွဲ့ဟောင်း တစ်ဖွဲ့လုံးကို မမြင်ချင်တော့သည့် အီဂျစ်ပြည်သူများ သဘောကျသူတစ်ဦးဖြစ်ပြီး
၎င်း၏အစိုးရ၀န်ကြီးအဖွဲ့ကို သူ့စိတ်ကြိုက်ရွေးချယ်လိမ့်မည်ဖြစ်သည်။
မူဘာရက်ထံမှ စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် အာဏာလွှဲပြောင်းယူခဲ့ပြီး ခြောက်လအတွင်း ဒီမိုကရေစီအစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ပေးပါ့မည်ဟု ကတိပြုခဲ့သည်။
ရာထူးမှဖယ်ရှားခဲ့ရသည့် သမ္မတ ဟောင်း မူဘာရက်သည် အကျင့်ပျက်မှု စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ပြည်သူ့ ရှေ့နေက မကြာမီ က ၎င်း၏ပိုင်ဆိုင်မှု များကို ထိန်းချုပ်လိုက်ပြီး ခရီးသွားလာ ခွင့်ကိုလည်း ပိတ်ပင်လိုက်သည်။

ကင်ဆာရောဂါကုနိုင်သော ကင်းမြှီးကောက်


ကင်းမြီးကောက်သတ္တဝါ၏ အဆိပ်သည် လူကိုသေစေနိုင်သော်လည်း ၎င်းအဆိပ် သည် အသက်ကယ်နိုင်ကြောင်း တွေ့ရှိလာ ကြသည်။
သုတေသနပညာရှင်များသည် အစ္စရေး အဝါရောင် ကင်းမြီးကောက်ကို အသုံးပြုပြီး ဆိုးရွားပြင်းထန်သော ဦးနှောက်မြင်းဖု တစ်မျိုးဖြစ်နေသည့် (Glioma) ကုသရန် စမ်းသပ်နေပြီဖြစ်သည်။ ၎င်းမြင်းဖုသည် ခွဲစိတ်ကုသရုံနှင့် မရပါ။ တစ်ကမ္ဘာလုံးတွင် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၇၆၀၀၀ ဦးတွင် ၎င်းရောဂါဖြစ်ပွားမှု တွေ့ရှိရပြီး သုံးယောက်တွင် တစ်ယောက်သာရှင်သည်။
၎င်း ကင်းမြီးကောက်အဆိပ်တွင်ပါသော ပရိုတင်းဓာတ်တစ်ခုသည် ကင်ဆာကလာပ်စည်း များကို သပ်သပ်တွဲပြီး အခြားပတ်ဝန်းကျင်ရှိ ကလာပ်စည်းကောင်းများကို ရှောင်ကွင်းသွား သည်။ ၎င်း ပရိုတင်းကို ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် တွဲဖက်ပြီး ကိုယ်ခန္ဓာတွင်းသို့ ထိုးသွင်းလိုက်ပါက ထိုအဆိပ်သည် မကောင်းသော ကင်ဆာကလာပ်စည်းများကို ပစ်မှတ် ထားပြီး ဖျက်စီးပစ်သည်။ ကနဦး စမ်းသပ်မှုအရ ၎င်းကုထုံးသည် အန္တရာယ်ကင်းပြီး လူနာများကို အသက်ရှည်စေနိုင်သည်ကို တွေ့ရှိရပြီး  ထပ်မံ၍ ကျယ်ပြန့်သော လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။

ရုရှားတွင် လေယာဉ်ပျက်ကျရာ မြန်မာလေယာဉ်မှူးနှစ်ဦး သေဆုံး




အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်သည် စမ်းသပ်ပျံသန်းနေစဉ် ရုရှားနိုင်ငံရှိ ဗိုရိုနဲ့ဇ်ျ (Voronezh) နှင့် ဘဲလ်ဂိုရော့ဒ် (Belgorod) ဒေသတို့၏ကြားတွင် ပျက်ကျသွားသည်။
မျက်မြင်သက်သေများ အစီရင်ခံချက်အရ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှာ ပျံသန်းနေစဉ် လေယာဉ်၏ အတောင်တစ်ဖက် ပြုတ်ထွက်သွားခြင်းကြောင့် ဖြစ်နိုင်သည်။ မျက်မြင်သက်သေများက ပေါက်ကွဲသံကြားရပြီးနောက် လေထဲမှာရှိနေစဉ်မှာပင် အတောင်တစ်ဖက်နှင့် အမြီးပြုတ်ကျသည်အား တွေ့ရကြောင်း ပြောသည်။ ကျောင်းတစ်ကျောင်းနှင့် မူကြိုကျောင်းတစ်ကျောင်းဖက်သို့ လေယာဉ်ကျလာသော်လည်း လေယာဉ်မှူးများက လူနေရပ်ကွက်နှင့်လွတ်သော နေရာသို့ ကျသွားစေနိုင်ခဲ့သည်။
လေယာဉ်ပေါ်တွင် လူခြောက်ဦးပါရှိကြောင်း၊ အားလုံးသေဆုံးသွားကြောင်း၊ ထိုသူတို့၏ ရုပ်အလောင်းများအား တွေ့ရှိပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ၏ အီတာတာ့စ် (Itar-Tass) သတင်းဌာနမှ ရုရှား၏ အရေးပေါ်ကိစ္စများနှင့် သက်ဆိုင်သော ဝန်ကြီးဌာန Russian Emergencies Ministry ၏ ဒေသခံဌာနတစ်ခုအား ကိုးကား၍ပြောသည်။
စုံစမ်းစစ်ဆေးသူများသည် “ဘလက်ဘောက်စ်” (Black Box) ဟုလည်းခေါ်သော ပျံသန်းမှု အချက်အလက်များ မှတ်တမ်းတင်သည့် flight recorders အားတွေ့ရှိပြီး အချက်အလက်များ စစ်ဆေးရန်အတွက် ပေးပို့လိုက်ပြီးဖြစ်သည်။ ရုရှားနိုင်ငံ၏ အင်တာဖက်စ် (Russia's Interfax) သတင်းဌာန၏ပြောကြားချက်အရ ၎င်းလေယာဉ်မှာ မြန်မာနိုင်ငံ၏ လေတပ် (Myanmar Air Force) အတွက်ဖြစ်ပြီး စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်ရာ သေဆုံးသူ ခြောက်ဦးအနက် နှစ်ဦးမှာ မြန်မာလေယာဉ်မှူးများဖြစ်သည်။
လေယာဉ်သည် လူနေရပ်မဟုတ်သော နေရာတွင် ပျက်ကျပြီး နာရီအတန်ကြာ မီးလောင်နေကြောင်း၊ မြေပြင်ပေါ်ရှိ လူအထိအခိုက်မရှိကြောင်း ရုရှား၏ အရေးပေါ် ကိစ္စများနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန (Russian Emergencies Ministry) ကပြောသည်။ အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်တွင် နောက်ဆုံးပေါ် နည်းပညာများ သုံးထားပြီး၊ ယူကရိန်း (Ukraine) နှင့် ရုရှား (Russia) အပြင် အခြား နိုင်ငံ ၁၃ နိုင်ငံ ပူးပေါင်းထုတ်လုပ်ထားသော လေယာဉ်ဖြစ်သည်။
ခရီးသည် ၁၀၀ အထိ တင်ဆောင်နိုင်ပြီး ခရီးသည်နှင့် ကုန် နှစ်မျိုးစလုံး တင်ဆောင်ရန် အသုံးပြုနိုင်သည်။ ခရီးသည် အများဆုံး ၈၀ ဟုဖော်ပြသော သတင်းများလည်းရှိသည်။ ၎င်းသည် Turbofan ဂျက်အင်ဂျင် ၂ လုံးတက် လေယာဉ်ဖြစ်သည်။

ပျက်ကျသွားသော လေယာဉ်နှင့် အမျိုးတူသော အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်တစ်စီး

အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်များအား အသုံးပြုသည့် တစ်ခုတည်းသော ရုရှားလေကြောင်းမှာ GTK “Rossiya” က ၎င်းလေယာဉ်၏ ထိန်းချုပ်ပျံသန်းသော (Flight Control) စနစ်သည် ပုံမှန်လေကြောင်း ခရီးစဉ်များ ပျံသန်းရန်အတွက် လုံခြုံစိတ်ချရမှုမရှိဟု ပြောကြောင်း RIA Novosti သတင်းဌာနမှ အစီရင်ခံသည်။ လေကြောင်းမှ ၎င်းလေယာဉ်အား စမ်းသပ်ပျံသန်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာပေါင်း ၂၀၀ တွေ့ရသည်။
အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစားလေယာဉ်၏ cockpit
လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးနေသော အဖွဲ့သည် ရာဇဝတ်မှု မြောက်ခြင်းရှိ၊ မရှိအား သုံးသပ်ကြသည်။ လူနှစ်ဦးနှင့်အထက် သေဆုံးမှုဖြစ်စေသော သယ်ယူပို့ဆောင်ရေး လုံခြုံမှုနှင့် လုပ်ငန်းလုပ်ဆောင်မှု စည်းမျဉ်းများ ချိုးဖောက်မှု (violation of traffic security and operating rules) ရှိ၊ မရှိအား စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
ရုရှားနိုင်ငံ၏ “သီဗွိုက်စ်အော့ဖ်ရပ်ရှား” (The Voice Of Russia) သတင်းဌာနမှ သတင်းအရမူ လေယာဉ်ပျက်ကျမှုမှာ အကြမ်းဖက်တိုက်ခိုက်မှု (Terror attack) လည်းဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေး ဆောင်ရွက်နေသူများက ပြောသည်။ အခြားဖြစ်နိုင်သော အကြောင်းအရင်းများမှာ လူ၏အမှားအယွင်း (Human Error)၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု (Mechanical fault)၊ အဆင့်မမှီ သော အစိတ်အပိုင်းများ (Substandard parts) နှင့် လောင်စာရည်တွင် အခြားပစ္စည်းများ ရောနှောထားခြင်း (Adulterated fuel) တို့လည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

ဒစ်ကာဗာရီ လွန်းပျံယာဉ်မှ ပထမဆုံး အာကာသ လမ်းလျှောက်ခြင်း


အာကာသလွန်းပျံယာဉ် ဒစ်ကာဗာရီ (Discovery)မှ စတိဗ် ဘိုဝင် (Steve Bowen)နှင့် အယ်ဗင် ဒရူး (Alvin Drew) တို့သည် နိုင်ငံတကာ အာကာသစခန်း (International Space Station) တွင် “လီယိုနာဒို” (Leonardo) အမည်ပေး ထားသော သိုလှောင်ခန်းအသစ် (New Store Room) တပ်ဆင်ရန်နှင့် အအေးပေးစနစ်မှ Pump အားရွှေ့ပြောင်းရန် လွန်းပျံယာဉ် မှ အပြင်သို့ တနင်္လာနေ့ (၂၈. ၃. ၂၀၁၁)တွင် ထွက်ခဲ့ကြသည်။
လွန်းပျံယာဉ် အပြင်တွင် ၆ နာရီခွဲကြာ နေခဲ့ကြသည်။ အာကာသလမ်းလျှောက်ခြင်း (spacewalk)ကို ယခုအကြိမ်ပြီးလျှင် ဒုတိယတစ်ကြိမ် ပြုလုပ်ရန် ရှိသေးသည်။ အာကာသလွန်းပျံယာဉ် ဒစ်ကာဗာရီ (Discovery)သည် ယခုခရီးစဉ်အပြီး ကမ္ဘာသို့ ပြန်ရောက်ပြီး နောက်တွင် ၎င်းအား Smaithsonian Instittution’s Air And Space Museum ပြတိုက်တွင် ထားမည်ဖြစ်သည်။
စတိဗ်ဘိုဝင် (Steve Bowen) သည် ယခု လွန်းပျံခရီးစဉ် မတိုင်မီ ရှေ့ခရီးစဉ်တွင် အက်တလန်တစ် (Atlantis) ဖြင့် လိုက်ပါခဲ့သူ ဖြစ်သည်။ စက်ဘီး မတော်တဆမှုဖြစ်၍ ဒစ်ကာဗာရီ (Discovery) ၏ နောက်ဆုံး ခရီးစဉ်တွင် အာကာသ လမ်းလျှောက်မည့် သူအဖြစ် သတ်မှတ်ခံထားရပြီးသော တင်းမ် ကိုပရာ (Tim Kopra) အစား သူထပ်မံ လိုက်ပါလာခဲ့ရာ အာကာသလွန်းပျံယာဉ် ခရီးစဉ်နှစ်ခု ဆက်တိုက် လိုက်ပါရသူအဖြစ် သမိုင်းတွင်သည်။
ဘိုဝင် (Bowen) နှင့် ဒရူး (Drew)တို့သည် မိမိတို့ ဆောင်ရွက်စရာများ ပြီးသောအခါ လွန်းပျံယာဉ်ထဲသို့ ပြန်မဝင်မီ ဂျပန်မှ အကူအညီ တောင်းခံထားသော ကိစ္စတစ်ခုအား ဆောင်ရွက်ကြသည်။ ၎င်းမှာ သတ္ထုဘူး တစ်ခုတွင် အာကာသမှ လေဟာနယ် (Vacuum) အား ထည့်လာခဲ့ရန်ဖြစ်သည်။
အပျော်တမ်း သဘောဆန်သော စီမံကိန်း (Light – Hearted Project) မှာ အာကာသ ခရီးသည် (Astronaut) အများ လက်မှတ်ထိုးပြီး လူအများကြည့်ရှုနိုင်ရန် ထိုသတ္ထုဘူးအား ပြသထားမည်ဖြစ်သည်။ အာကာသလွန်းပျံယာဉ် ဒစ်ကာဗာရီ (Discovery) သည် ကမ္ဘာသို့ ၂၀၁၁ ခုနှစ် မတ်လ ၇ ရက် တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

ဂျပန်တွင် အင်အား ၈ ဒသမ ၉ ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီ ဖြစ်ပေါ်


မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာ စကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အင်အားကြီး ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ကာ ကမ်းရိုးတန်းတစ်လျောက်ရှိ သင်္ဘောများ ကမ်းတင် တိုးတိုက်မိကာ ကမ်းရိုးတန်းမြို့များကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြောင်း သိရသည်။

ဟွန်ရှူးကျွန်းမကြီး မီယာဂီ ပစိဖိတ်ကမ်းရိုးတန်း ဧရိယာတွင် လူအမြောက်အမြား ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ အရေအတွက်ကိုမူ မသိရသေးပေ။ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် လူသန်း ၃၀ နေထိုင်သည့် ကမ္ဘာ့အကြီးဆုံး မြို့ပြဧရိယာ တိုကျိုမြို့တော်တွင်လည်း အဆောက်အအုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ပြီး ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။ မီယာဂီစီရင်စုရှိ ဆန်ဒေးအရပ်တွင် ဆူနာမီကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ ၃၃ ပေအထိမြင့်ပြီး အချို့နေရာများတွင် ၁၀ ပေအကျော် အမြင့်ရှိခဲ့သည်။

တိုကျိုတွင် မြေအောက်ရထားလမ်းများ ရပ်ဆိုင်းသွားခဲ့ပြီး အရေးပေါ် ဥသြဆွဲသံများ ဆူညံနေသည်။ ငလျင်သည် တိုကျိုမြို့ အရှေ့မြောက်ဘက် ၂၃၇ မိုင် အကွာတွင် စတင် လှုပ်ခတ်ခဲ့ပြီး အစောပိုင်းက အင်အား ၇ ဒသမ ၉ ရှိသည်ဟု တွက်ချက်ခဲ့ရာမှ ယခုအခါ အမြင့်ဆုံးအင်အား ၈ ဒသမ ၉ ဟု ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် ပစိဖိတ် အန္တရာယ်စက်ဝန်း Pacific ring of fire ပေါ်တွင် တည်ရှိပြီး မီးတောင်များ ပေါများသည့်အရပ် ဖြစ်သလို တိုကျိုသည် အန္တရာယ်အကြီးဆုံး ဧရိယာများအနက်မှ တစ်ခုဖြစ်သည်။ ဂျပန်အပြင် တရုတ်တိုင်ပေ၊ ရုရှား၊ မာရီယာနာကျွန်းများတွင်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ ဂူအမ်ကျွန်း၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပူအာနယူး ဂီနီ၊ နော်ရူး၊ မိုက်ခရိုနီးရှား၊ ဟာဝိုင်အီ တို့တွင်လည်း အနိမ့်စားဆူနာမီ စောင့်ကြည့်မှု ပြုလုပ်နေသည်။

တိုကျိုမြို့သည် ယူရေးရှား၊ ပစိဖိတ်နှင့် ဖိလစ်ပိုင် ပင်လယ်ကျောက်လွှာချပ် သုံးခုစုံရာတွင် တည်ရှိပြီး ယင်းတို့သည် တဖြည်းဖြည်းချင်း အချင်းချင်း တိုးတိုက်နေသောကြောင့် အန္တရာယ်ကြီးသည့်ဒေသ ဖြစ်သည်။ အစိုးရ ငလျင်သုတေသန ကော်မတီက တိုကျိုမြို့လယ် တည်ဆောက်ထားရာ ကန်တိုမြေပြန့်တွင် လာမည့် နှစ် ၃၀ အတွင်း အင်အား ၈ နှင့်အထက်ရှိသည့် ငလျင်လှုပ်ခတ်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားခဲ့သည်။
နောက်ဆုံးအကြိမ် တိုကျိုတွင် အကြီးအကျယ် လှုပ်ခတ်ခဲ့သည်မှာ ၁၉၂၃ မဟာကန်တိုငလျင် ဖြစ်ပြီး ထိုစဉ်က လူ ၁၄၀,၀၀၀ သေဆုံးခဲ့ကာ အများစုမှာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခြင်း ဖြစ်သည်။ ၁၈၅၅ ခုနှစ်က အန်ဆေးအဲဒို ငလျင်လှုပ်ခတ်စဉ်က တိုကျိုတစ်မြို့လုံး ပျက်စီးသွားခဲ့ဖူးသည်။ ဂျပန်တွင် နောက်ဆုံးလှုပ်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး ငလျင်မှာ ကိုဘေးငလျင် ဖြစ်ပြီး လူ ၆,၄၀၀ သေဆုံးခဲ့သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes