ရုရှားတွင် လေယာဉ်ပျက်ကျရာ မြန်မာလေယာဉ်မှူးနှစ်ဦး သေဆုံး




အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်သည် စမ်းသပ်ပျံသန်းနေစဉ် ရုရှားနိုင်ငံရှိ ဗိုရိုနဲ့ဇ်ျ (Voronezh) နှင့် ဘဲလ်ဂိုရော့ဒ် (Belgorod) ဒေသတို့၏ကြားတွင် ပျက်ကျသွားသည်။
မျက်မြင်သက်သေများ အစီရင်ခံချက်အရ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှာ ပျံသန်းနေစဉ် လေယာဉ်၏ အတောင်တစ်ဖက် ပြုတ်ထွက်သွားခြင်းကြောင့် ဖြစ်နိုင်သည်။ မျက်မြင်သက်သေများက ပေါက်ကွဲသံကြားရပြီးနောက် လေထဲမှာရှိနေစဉ်မှာပင် အတောင်တစ်ဖက်နှင့် အမြီးပြုတ်ကျသည်အား တွေ့ရကြောင်း ပြောသည်။ ကျောင်းတစ်ကျောင်းနှင့် မူကြိုကျောင်းတစ်ကျောင်းဖက်သို့ လေယာဉ်ကျလာသော်လည်း လေယာဉ်မှူးများက လူနေရပ်ကွက်နှင့်လွတ်သော နေရာသို့ ကျသွားစေနိုင်ခဲ့သည်။
လေယာဉ်ပေါ်တွင် လူခြောက်ဦးပါရှိကြောင်း၊ အားလုံးသေဆုံးသွားကြောင်း၊ ထိုသူတို့၏ ရုပ်အလောင်းများအား တွေ့ရှိပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ၏ အီတာတာ့စ် (Itar-Tass) သတင်းဌာနမှ ရုရှား၏ အရေးပေါ်ကိစ္စများနှင့် သက်ဆိုင်သော ဝန်ကြီးဌာန Russian Emergencies Ministry ၏ ဒေသခံဌာနတစ်ခုအား ကိုးကား၍ပြောသည်။
စုံစမ်းစစ်ဆေးသူများသည် “ဘလက်ဘောက်စ်” (Black Box) ဟုလည်းခေါ်သော ပျံသန်းမှု အချက်အလက်များ မှတ်တမ်းတင်သည့် flight recorders အားတွေ့ရှိပြီး အချက်အလက်များ စစ်ဆေးရန်အတွက် ပေးပို့လိုက်ပြီးဖြစ်သည်။ ရုရှားနိုင်ငံ၏ အင်တာဖက်စ် (Russia's Interfax) သတင်းဌာန၏ပြောကြားချက်အရ ၎င်းလေယာဉ်မှာ မြန်မာနိုင်ငံ၏ လေတပ် (Myanmar Air Force) အတွက်ဖြစ်ပြီး စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်ရာ သေဆုံးသူ ခြောက်ဦးအနက် နှစ်ဦးမှာ မြန်မာလေယာဉ်မှူးများဖြစ်သည်။
လေယာဉ်သည် လူနေရပ်မဟုတ်သော နေရာတွင် ပျက်ကျပြီး နာရီအတန်ကြာ မီးလောင်နေကြောင်း၊ မြေပြင်ပေါ်ရှိ လူအထိအခိုက်မရှိကြောင်း ရုရှား၏ အရေးပေါ် ကိစ္စများနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန (Russian Emergencies Ministry) ကပြောသည်။ အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်တွင် နောက်ဆုံးပေါ် နည်းပညာများ သုံးထားပြီး၊ ယူကရိန်း (Ukraine) နှင့် ရုရှား (Russia) အပြင် အခြား နိုင်ငံ ၁၃ နိုင်ငံ ပူးပေါင်းထုတ်လုပ်ထားသော လေယာဉ်ဖြစ်သည်။
ခရီးသည် ၁၀၀ အထိ တင်ဆောင်နိုင်ပြီး ခရီးသည်နှင့် ကုန် နှစ်မျိုးစလုံး တင်ဆောင်ရန် အသုံးပြုနိုင်သည်။ ခရီးသည် အများဆုံး ၈၀ ဟုဖော်ပြသော သတင်းများလည်းရှိသည်။ ၎င်းသည် Turbofan ဂျက်အင်ဂျင် ၂ လုံးတက် လေယာဉ်ဖြစ်သည်။

ပျက်ကျသွားသော လေယာဉ်နှင့် အမျိုးတူသော အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်တစ်စီး

အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစား လေယာဉ်များအား အသုံးပြုသည့် တစ်ခုတည်းသော ရုရှားလေကြောင်းမှာ GTK “Rossiya” က ၎င်းလေယာဉ်၏ ထိန်းချုပ်ပျံသန်းသော (Flight Control) စနစ်သည် ပုံမှန်လေကြောင်း ခရီးစဉ်များ ပျံသန်းရန်အတွက် လုံခြုံစိတ်ချရမှုမရှိဟု ပြောကြောင်း RIA Novosti သတင်းဌာနမှ အစီရင်ခံသည်။ လေကြောင်းမှ ၎င်းလေယာဉ်အား စမ်းသပ်ပျံသန်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာပေါင်း ၂၀၀ တွေ့ရသည်။
အန်တိုနော့ဗ် - ၁၄၈ (Antonov-148) အမျိုးအစားလေယာဉ်၏ cockpit
လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးနေသော အဖွဲ့သည် ရာဇဝတ်မှု မြောက်ခြင်းရှိ၊ မရှိအား သုံးသပ်ကြသည်။ လူနှစ်ဦးနှင့်အထက် သေဆုံးမှုဖြစ်စေသော သယ်ယူပို့ဆောင်ရေး လုံခြုံမှုနှင့် လုပ်ငန်းလုပ်ဆောင်မှု စည်းမျဉ်းများ ချိုးဖောက်မှု (violation of traffic security and operating rules) ရှိ၊ မရှိအား စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
ရုရှားနိုင်ငံ၏ “သီဗွိုက်စ်အော့ဖ်ရပ်ရှား” (The Voice Of Russia) သတင်းဌာနမှ သတင်းအရမူ လေယာဉ်ပျက်ကျမှုမှာ အကြမ်းဖက်တိုက်ခိုက်မှု (Terror attack) လည်းဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေး ဆောင်ရွက်နေသူများက ပြောသည်။ အခြားဖြစ်နိုင်သော အကြောင်းအရင်းများမှာ လူ၏အမှားအယွင်း (Human Error)၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု (Mechanical fault)၊ အဆင့်မမှီ သော အစိတ်အပိုင်းများ (Substandard parts) နှင့် လောင်စာရည်တွင် အခြားပစ္စည်းများ ရောနှောထားခြင်း (Adulterated fuel) တို့လည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes