စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းဖော်ဆောင်ရန် တရုတ်မှ ကမ္ဘာ့တတိယအကြီးဆုံး သောင်တူးရေယာဉ်ကြီး လာရောက်မည်


ရန်ကုန်၊ မတ် ၃ - စစ်တွေရေနက်စီမံကိန်း ဖော်ဆောင်ရန် တရုတ်မှ ကမ္ဘာ့တတိယ အကြီးဆုံး သောင်တူးရေယာဉ်ကြီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် ပါဝင်သည့် စစ်တွေရေလမ်းကြောင်း ပြုပြင်ရန် တရုတ်မှ ကမ္ဘာ့တတိယ အကြီးဆုံး သောင်တူး ရေယာဉ်ကြီး ယခုလအတွင်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ထိုသောင်တူးရေယာဉ်ကြီးသည် အရှေ့ တောင်အာရှတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာတွင် တတိယအကြီးဆုံးဖြစ်ကာ တရုတ်နိုင်ငံ CCCC Tianjin Dredging Co., Ltd. မှပိုင်ဆိုင်သော ရေယာဉ်ကြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီကို ကုလားတန်မြစ်ကြောင်း စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေ ရေလမ်း ကြောင်း ပြုပြင်ဖို့ ခေါ်ယူတဲ့အတွက် လာရောက်မှာ ဖြစ်ပါတယ်။ စစ်တွေရေလမ်းကြောင်း က တခြားရေလမ်းကြောင်းတွေလို မဟုတ်ဘဲ ကျောက်သားတွေရှိတဲ့အတွက် အခုလို ကမ္ဘာ့အဆင့်မီ သောင်တူးရေယာဉ်ကြီးနဲ့ ပြုပြင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု CCCC Tianjin Dreding Co., Ltd. Overseas Business Dept. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းကုလားတန်မြစ်ကြောင်း စီမံကိန်းသည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှ မီဇိုရမ်ဒေသသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယမှ အကုန်အကျခံ တည်ဆောက် သွားမည့် စီမံကိန်း ဖြစ်သည်။ “စီမံကိန်းအရ ပင်လယ်ကူး သင်္ဘောကြီးတွေ စစ်တွေ ရေလမ်းကြောင်းကို အလွယ်တကူ ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ရေနက်ရအောင် ရေလမ်းကြောင်း ပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှ ပင်လယ်ကူး သင်္ဘောကြီးတွေ အသစ်တည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ပြီး ရခိုင် ပြည်နယ်ကို ဖြတ်ကာ မီဇိုရမ်ဒေသကို ကုန်ပစ္စည်းများ အလွယ်တကူ တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။
အရင်က စစ်တွေ ရေလမ်းကြောင်းအား ပြုပြင်ရာတွင် အောက်ခံကျောက်သားများအား မိုင်းခွဲရှင်းလင်းပြီး ဆောင်ရွက်ရကြောင်း သိရသည်။ ထိုသို့ မိုင်းခွဲပြီး ရေလမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းကြောင့် ရေပေါ်ရေအောက် သယံဇာတများ ပျက်စီး မှုများ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုင်စေနိုင်ကြောင်း သိရသည်။
အဆိုပါ ရေလမ်းကြောင်း ပြုပြင်ခြင်းကြောင့် မလိုလားသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ရေပေါ်ရေအောက် သယံဇာတများ ပျက်စီးမှုကို ကမ္ဘာ့အဆင့်မီ သောင်တူးရေယာဉ်ကြီး အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes