ကောသလအိပ်မက်(၁၆)ချက်


(၁)
နွားနက်လေးခု ဝှေ့မှုဟန်ပြင်
မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်။
- အရှေ့အနောက် တောင်မြောက်မိုးဆင်
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂)
မြေကမကြွ ငယ်လှသစ်ပင်
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်။
- အရွယ်မမျှ လုံမပျိုခင်
- သမီးသားလင်ထား အိမ်ထောင်ဆင်။
(၃)
ယနေ့ဖွားစ နွားမနို့သာ
မိခင်နွားကြီး စို့ပြီးနေရှာ။
- သမီးနှင့်သား စီးပွားပိုင်ရာ
- မိနှင့်ဖ ကျွေးမှစားရမှာ။
(၄)
နွားကြီးမကြိုက် ၀န်တိုက်နွားငယ်
မရုန်းနိုင်ဘဲ ၀ပ်လဲနေတယ်။
- ကြီးသူပယ်ရှား မြောက်ထားလူငယ်
တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
(၅)
ခံတွင်းနှစ်ခွ မြင်းလှရာဇာ
 ကျွေးကျွေးသမျှ မ၀နိုင်ပါ။
- မှူးမတ်မင်းစိုး လာဘ်ထိုးသူမှာ
နှစ်ဘက်စား တရားစီရင်မှာ။
(၆)
ခွေးအိုထံဆက် ရွှေခွက်သိန်းတန်
ကျင်ငယ်အမြဲ ခွက်ထဲစွန့်ပြန်။
- မျိုးမြတ်သမီး ပစ္စည်းမက်ဟန်
အမျိုးယုတ် လင်လုပ်ပေါင်းဆက်ဆံ။
(၇)
ရှေ့ကကျစ်ချ လွန်စကြိုးကို
ခွေးမခိုးစား ကိုက်ဝါးကာမျို။
- လင်ကြီးပစ္စည်း သိမ်းဆည်းမသို
- လင်ငယ်အား မယားလောကွတ်ပို။
(၈)
အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ
အိုးချည်းကိုဘဲ ရေဆွဲလောင်းပြန်။
- ဆင်းရဲသူများ ၀တ်စားမကျန်
- အခွန်တွက် နှိပ်စက်ငွေကောက်ခံ။

(၉)
ကြာမျိုးငါးဝ ပွင့်ကြရေကန်
ရေလယ်နောက်လျှက် ကမ်းဘက်ကြည်ပြန်။
-ြ မို့တွင်းပွေရှုပ် ခွန်တုပ်ကောက်ခံ
မြို့ပြင်ထွက်ပြည့်နှက်စည်ကားရန်။
(၁၀)
တအိုးထဲချက် အကျက်မညီ
ထမင်းမာဆတ် ပျော့နပ်သုံးလီ။
- မင်းနှင့်လူများ တရားမညီ
- မိုးသုံးစား ကွက်ကြားရွာချမည်။
(၁၁)
မွှေးထုံနံ့ကြူး စန္ဒကူးသိန်တန်
ပုန်းရည်နဲ့လဲ သုံးစွဲစားပြန်။
- အလဇ္ဇီများ တရားဖိုးတန်
- ငွေနှင့်လဲ အမြဲဟောမည်မှန်။
(၁၂)
သံကြေးမပေါင်း ဘူးတောင်းဘူးအုံ
ရေတွင်စုပ်စုပ် နစ်မြှပ်လုံးစုံ။
- ပညာရှိများ စကားဥဿုံ
ပြောသမျှ လောကမသုံးကုန်။
(၁၃)
အိမ်လုံးတောင်လုံး ကျောက်တုံးကျောက်ဖြာ
ရေမှာဘွားဘွား ထင်ရှားပေါ်လာ။
- ရဟန်းရှင်ဆိုး လူဆိုးများသာ
- ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်မှာ။
(၁၄)
အဆိပ်ပြင်းထောက် မြွှေဟောက်ကြီးကို
ဖားမငယ်များ ကိုက်ဝါးကာမျို။
- ကညာယူထား သက်ကြားဖိုးအို
- မယားဆဲ အမြဲအော်ငေါက်ဆို။
(၁၅)
အဆင်းမည်းနက် ကျီးငှက်ထံမှာ
ရွှေဟင်္သာများ ခစားနေရှာ။
- ပညာသီလ ပြည့်ဝသူဟာ
- သူယုတ်အား ၀ပ်တွားနေရရှာ။
(၁၆)
ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်
ခြသေ့င်္သစ်ကျား ခုန်လွှားပြေးပြန်။
- သူယုတ်မာများ ထောင်လွှားနိုင်ငံ
- သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes