3D Printing စနစ်အသုံးပြုဖန်တီးသည့် ကမ္ဘာ့ပထမဆုံးလေယာဉ်ငယ်

စမ်းသပ်ဆဲ အထူးပြု နည်းပညာ တစ်ခုဖြစ်သော 3D Printing စနစ်ကို အသုံးပြုကာ ကမ္ဘာ့ပထမဆုံး လေယာဉ်ငယ် တစ်စင်းအား ဖန်တီးလိုက်နိုင်ကြောင်း သိရှိရသည်။ သေးငယ်သော အဆိုပါ လေယာဉ်လေးကို ဖန်တီးရန်အတွက် ကွန်ပျူတာ တစ်လုံးနှင့် 3D Printerတို့ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ နည်းပညာလောကကို ကိုင်လှုပ်မည့် ပထမဆုံး ခြေလှမ်းအဖြစ် ဖန်တီးလိုက်သော လေယာဉ်လေးသည် တစ်နာရီ မိုင်(၁၀၀)ကျော်နှုန်းထိ မောင်းနှင်နိုင်သည်။ တောင်ပံအလျား (၂)မီတာ ရှည်လျားသော လေယာဉ်လေးအား အထူးပြုပြင်ထားသည့် နိုင်လွန်သားကို ပုံဖော်ပေးသည့် 3D Printerက ပုံလောင်း ပြုလုပ်လိုက်ခြင်းဖြစ်သည်။



အခြားမည်သည့် ကိရိယာ တန်ဆာပလာမှ မလိုအပ်ဘဲ လေဆာပုံဖော်စနစ်ဖြင့် အသက်သွင်းလိုက်သော လေယာဉ်လေးအား 3D Printerက အလွှာလိုက် တည်ဆောက်သွားပြီး မိနစ် အနည်းငယ်အတွင်း အပြီးသတ်နိုင်ခဲ့သည်။ သမိုင်းတလျှောက် အမှန်တကယ် ပျံသန်းနိုင်သော လေယာဉ်တစ်စင်းကို ထိုမျှမြန်အောင် မည်သူမျှ မတည်ဆောက်နိုင်ခဲ့ချေ။ ဗြိတိန်နိုင်ငံ၊ ဆောက်သမ်တန် ကွန်ပျူတာ အင်ဂျင်နီယာ တက္ကသိုလ်မှ ပညာရှင်များအတွက် 3D Printing နည်းပညာကို အကောင်းဆုံး အသုံးပြုကာ လမ်းသစ်ထွင်သည့် အောင်မြင်မှု တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။



အဆိုပါ လေယာဉ်လေးတွင် အလိုအလျောက် မောင်းနှင်စနစ်ကိုပါ ထည့်သွင်းပေးထားရာ ၎င်းဖာသာ ထိန်းချုပ် ပျံသန်းမှု ပြုလုပ်နိုင်သည်။ အင်ဂျင်နီယာအဖွဲ့မှ ပါမောက္ခ ဂျင်စကန်လွန်နှင့် ပါမောက္ခ အန်ဒီကိန်းတို့က 3D Printerအတွက် ပုံနှိပ်ထုတ်လုပ်မည့် ပစ္စည်းနှင့် ပတ်သက်ပြီး အသေးစိတ် တည်ဆောက်ပုံကို ကွန်ပျူတာအတွင်း ထည့်သွင်းကာ Printထုတ်လိုက်ခြင်းဖြင့် လေယာဉ်ကို ရရှိလာကြောင်း ရှင်းပြခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ သမိုင်းဝင် နည်းပညာကို အသုံးပြုပြီး ဒီဇိုင်းတစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဒီနည်းပညာနဲ့ ထုတ်လုပ်မှုဟာ ဈေးနှုန်းကြီးမြင့်နေဦးမှာပါ”ဟု ပြောကြားသွားသည်။



ယခုထုတ်လုပ်လိုက်သော လေယာဉ်လေးအား SULSAဟု အတိုကောက် အမည်ပေးထားသည်။ ပညာရှင်များသည် 3D Printingစနစ်အတွက် ပိုမိုထိရောက် ကောင်းမွန်သော စမ်းသပ်မှုများ ပြုလုပ်နေဆဲဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ 


source>>>http://www.planet.com

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes