Skype ကို တီဗွီများမှလည်း သုံးစွဲနိုင်တော့မည်

လာ့စ်ဗီးဂတ်စ် (ဇန်နဝါရီ ၇) - ကမ္ဘာ့ လူသုံးအများဆုံး အင်တာနက် ဝန်ဆောင်မှုများတွင် တစ်ခုအပါအဝင် ဖြစ်သည့် Skype ခေါ် အင်တာနက် တယ်လီဖုံး နှင့် ရုပ်သံစကားပြော ဝန်ဆောင်မှုကို မကြာမီတွင် တီဗွီများမှ တဆင့်လည်း အသုံးပြုနိုင်တော့မည်ဟု သိရသည်။

Skype ကို နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့် အင်တာနက် ချိတ်ဆက်နိုင်သော တီဗွီများတွင် ထည့်သွင်ပေးထားမည်ဖြစ်သဖြင့် ကွန်ပျူတာမလိုအပ်ဘဲ အသုံးပြုနိုင်တော့မည်ဖြစ်သည်။ လောလောဆယ်တွင် Skype ကို Panasonic ကုမ္ပဏီမှ ထုတ်လုပ်သည့် VieraCast internet-enabled high-definition တီဗွီနှင့် LG မှ ထုတ်လုပ်သည့် web-enabled LCD and plasma screen HD တီဗွီများတွင် ထည့်သွင်းပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် တီဗွီများမှ တဆင့်အင်တာနက်နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး အသံကိုပါ ဖမ်းယူနိုင်သော ကင်မရာ (Web-cam) တစ်ခုလည်း လိုအပ်မည်ဖြစ်သည်။ ထိုကင်မရာသည် အကွာအဝေးကိုလည်း ဖမ်းယူညှိနှိုင်းနိုင်သော ကင်မရာမျိုးဖြစ်သင့်သည်ဟု Skype မှ အကြံပြုထားသည်။ သို့မှသာ တီဗွီကြည့်သော ဧည့်ခန်းဆိုဖာမှ သက်တောင့်သက်သာ ဆက်သွယ်အသုံးပြုနိုင်ဖြစ်သည်ဟု ဆိုသည်။

Skype ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Josh Silverman က “ဒီနှစ်ပိုင်းတွေ အတွင်းမှာ Skype သုံးတဲ့လူ သိသိသာသာ တက်လာပါတယ်။ သုံးတဲ့လူတွေရဲ့ ၃၄% လောက်က ဗီဒီယို ရုပ်သံကိုလည်း သုံးကြတယ်။ အများစုကတော့ သက်တောင့်သက်သာလေး သုံးချင်တာပေါ့ဗျာ။ ဖြစ်နိုင်ရင် မြင်နေရတဲ့ Screen ကိုလည်း တတ်နိုင်သလောက် ကြီးကြီးလေးပေါ့လေ။ ဆိုတော့ကာ အဲဒါလိုအပ်ချက်အတွက် Skype ကို အဆင့်မြင့် HDTV မှာ ထည့်ပေးထားမယ်ဆိုတဲ့ အကြံဥာဏ်လေး ရလာတာပေါ့” ဟု ပြောကြားခဲ့သည်။

Skype အသုံးပြုသူ အချင်းချင်း အနေဖြင့် အသံဖြင့်လည်းကောင်း၊ ရုပ်ပါမြင်နိုင်သော ဗီဒီယိုဖြင့်လည်းကောင်း အခမဲ့ ဆက်သွယ်နိုင်ပြီး ကမ္ဘာ့နိုင်ငံအများအပြား၏ ကြိုးဖုံးနှင့် မိုဘိုင်းလ်ဖုံးများကိုလည်း အခကြေးငွေ သက်သာစွာဖြင့် ခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုပေးထားသည်။ Skype ထည့်သွင်းထားသော တီဗွီများကို ယခုနှစ်နှောင်းပိုင်းတွင် ဗြိတိန်နိုင်ငံ၌ စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes