ဓာတ်ဆီပေါက်ဈေးများ တစ်လအတွင်း ၁၅ ရာနှုန်း မြင့်တက်




ရန်ကုန်မြို့တွင်း ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့၌ ဓာတ်ဆီထည့်ရန် စောင့်ဆိုင်းနေသော ကားတန်းကိုတွေ့ရစဉ်။ မတ်လ ၉ ရက်နေ့ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန် ၃,၉၀၀ ကျပ် ဖြစ်သည်။
ဓာတ်ပုံ-အေးဇော်မျိုး
ဓာတ်ဆီ ပြင်ပအရောင်းအ၀ယ်ဈေးများမှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များအပြင် နယ်မြို့များတွင်ပါ တစ်လအတွင်း ၁၅ ရာခိုင်နှုန်းခန့် မြင့် တက်ခဲ့ပြီး နယ်ဈေးများမှာ မတ်လ ၈ ရက်နေ့တွင် တစ်ဂါလန်လျှင် အမြင့်ဆုံး ကျပ် ၄,၈၀၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း ပြင်ပစက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။
ရန်ကုန်မြို့အတွင်း ဓာတ်ဆီဈေးနှုန်းများမှာ ဖေဖော်ဝါရီလ အစောပိုင်း တွင် တစ်ဂါလန်လျှင် အပြင်ပေါက်ဈေး ကျပ် ၃,၂၀၀ ခန့်မှ ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လ ၆ ရက်နေ့အထိ တစ်ဂါလန်လျှင် ကျပ် ၃,၆၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင်မူ ကျပ် ၃,၈၀၀ အထိ မြင့်တက်လာခဲ့သည်။
"ပွင့်လင်းရာသီရောက်လာလို့၊ နယ် ၀ယ်လိုအား များလာလို့ပါ။ နှစ်စဉ်နှစ် တိုင်း သင်္ကြန်နားနီးချိန်နဲ့ ပွင့်လင်းရာသီဆို ဆီဝယ်လိုအား များတတ်ပါတယ်" ဟု ရန်ကုန်မြို့အတွင်း ပြင်ပစက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်က ပြောသည်။
ရန်ကုန်ရှိ ပုဂ္ဂလိကအရောင်းဆိုင်များတွင် တန်းစီရရှိသည့် ဓာတ်ဆီ ရာနှုန်းပြည့်နီးပါးအား မြန်မာပြည် အလယ်ပိုင်း၊ ပြည်၊ မော်လ မြိုင်၊ စစ်ကိုင်း၊ မြစ်ကြီးနား စသည့် ဒေသများသို့ တင်ပို့ကြောင်း ပြင်ပအရောင်းဆိုင်များက ပြောသည်။
တင်ပို့သည့်ဒေသပေါ် မူတည်ကာ ဓာတ်ဆီပေါက်ဈေးများလည်း ကွာခြားပြီး ပုဂံ၊ စစ်ကိုင်းကဲ့သို့ ဒေသများတွင် တစ်ဂါလန်လျှင် ကျပ် ၄,၃၀၀ ခန့် ပေါက်ကြောင်း ၎င်းအရောင်းဆိုင်များက ပြောသည်။
ဒီဇယ်ကိုမူ နယ်သို့တင်ပို့မှုနည်း သော်လည်း ဖားကန့်သို့ အဓိကတင်ပို့ ကြောင်း အခြားသော အရောင်းဆိုင် တစ်ဆိုင်က ပြောသည်။
"တစ်ရက်ကို ဓာတ်ဆီပီပါ ၄၀ (တစ်ပီပါ ဂါလန် ၅၀)လောက် ဆိုင်ကို ၀င်ပါတယ်"ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားကဲ့သို့ ရန်ကုန်မှ ဓာတ်ဆီ တင်ပို့သည့်ဒေသများအနက် ပုဂ္ဂလိက စက်သုံးဆီ နှစ်ဆိုင်ရှိသည့် ဒေသတစ်ခုတွင်မူ အပြင် ဓာတ်ဆီဈေးနှုန်းများမှာ မတ်လ ၈ ရက်နေ့တွင် အပြင်ဆိုင်မှ ကောက်ဈေး တစ်ဂါလန်လျှင် ကျပ် ၄,၈၀၀ မှ ၅,၀၀၀ အတွင်းရှိပြီး အပြင် ဆိုင်ရောင်းဈေးမှာမူ ကျပ် ၅,၅၀၀ အထိ လက်ရှိ ရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
"တစ်ဂါလန် ကျပ် ၅,၅၀၀ ဈေးပေါက်တာ အလွန်ဆုံး နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်"ဟု ၎င်းက ပြောသည်။
အပြင်ဓာတ်ဆီဈေးနှုန်းမှာ အနိမ့် ဆုံး ကျပ် ၃,၅၀၀ ခန့်မှ မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းက တရုတ်ပြည်ဘက်တွင် ဆီဈေးနှုန်းမြင့်မားမှုကြောင့် မြစ်ကြီး နားဘက်မှ ပြည်တွင်းဓာတ်ဆီများ တရုတ်ပြည်သို့တင်ပို့မှု များ ရှိသည်ကို ကြားမိကြောင်း ပြောသည်။
"အရင်က မြန်မာက တရုတ်ဘက်က ဆီကို ၀ယ်ပေမယ့် အခုတရုတ်ဘက်ကို ကန်ပိုက်တီးကနေတစ်ဆင့် ပို့နေတယ်လို့ကြားပါတယ်။ အပြင်ဆိုင်တွေက လည်း တရုတ်ပြည်ကို တစ်ဆင့်ပြန် ရောင်းတာပါ"ဟု ၎င်းက ပြောသည်။
ဓာတ်ဆီအတွက်မူ ရန်ကုန်နှင့် နယ် ဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၅၀၀ ခန့် အနည်းဆုံးကွာသော်လည်း ဒီဇယ်အတွက်မူ ကျပ် ၁၀၀ ခန့်သာ ကွာတတ်သကဲ့သို့ မြစ်ကြီးနားတွင်မူ ဒီဇယ်ပေါက် ဈေး တစ်ဂါလန် ကျပ် ၄,၅၀၀ ဈေးရှိသည်။
မြစ်ကြီးနားကဲ့သို့ နယ်ဘက်ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ဆိုင်ကယ်တန်းစီမှုပိုများပြီး တစ်စီးလျှင် လေးနာရီမှ ငါးနာရီအတွင်း ကြာမြင့်ကြောင်းနှင့် တစ်ဆိုင်လျှင် တစ်ရက် တန်းစီသည့် ဆိုင်ကယ်ပေါင်းအစီး ၁,၀၀၀ ခန့်ရှိကြောင်း ပြောသည်။
မန္တလေးမြို့တွင်လည်း ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းများ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ခါ နှစ်ဆခန့် တက်သွားသည်။ မတ်လ ၁ ရက်နေ့ ဓာတ်ဆီတစ်ဂါလန် ပြင်ပပေါက်ဈေးမှာ ကျပ် ၄,၈၀၀ ဖြစ်ပြီး ဒီဇယ်မှာ တစ်ဂါလန် ကျပ် ၅,၀၀၀ ဖြစ်နေသည်။
"ကျွန်တော်တို့ဆီမှာတော့ တစ်နေ့ကို ၁၀၀ လောက် တက်တယ်။ ပြီးခဲ့တဲ့ ငါးရက်လောက်ကတည်းက ဆီဈေး တွေတက်နေတာ။ တစ်ဂါလန် ကျပ် ၃,၄၀၀ ကနေ စတက်နေတာပါ"ဟု ၃၅ လမ်းပေါ်ရှိ စက်သုံးဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုတွင် ကမ္ဘာ့ရေနံဈေး မြင့်တက်လာမှုသည်လည်း အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။ ရေနံစိမ်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တစ်စည်လျှင် အမေရိကန် ၈၉ ဒသမ ၇၁ ရှိခဲ့ပြီး ၂၈ ရက်နေ့တွင် ၉၆ ဒသမ ၉၇ အထိ တက်ခဲ့သည်။ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ဈေးခုန်တက်မှုကြောင့် ပြေးဆွဲနေသော လိုင်းကားများမှာ ခရီးသည်များထံမှ ဈေး တက်ယူနေရသည်။
မြို့တွင်း ပုံမှန်လိုင်းပြေးဆွဲနေသော လိုင်းကား များမှာ ကျပ် ၂၀၀ စီ ပိုတက်ယူနေရပြီး မန္တလေးနှင့် မုံရွာပြေးဆွဲနေသောကားများမှာ ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှစတင်ပြီး ကျပ် ၈၀၀ တက်ယူနေကြောင်း သိရသည်။
ရန်ကုန်-မန္တလေး-နေပြည်တော် ပြေးဆွဲနေသော အဝေး ပြေးကားများမှာ ဒီဇယ်ဈေးတက်သော်လည်း ကားခဈေး မတက်သေးဘဲ ပုံမှန် ကျပ် ၁၀,၅၀၀ သာယူသေးကြောင်း မြတ်မန္တလာထွန်း ကားဂိတ်မှ သိရသည်။
ကားလိုင်းများမှာ ကုန်ကျစရိတ် မြင့်နေမည်ဖြစ်သော်လည်းမထသယာဉ်လိုင်း ခွင့်ပြုချက်ရရှိမှသာ ကားခဈေးနှုန်း များတက်မည်ဟု သိရသည်။
အဝေးပြေးကားများမှာ ရန်ကုန်နှင့်မန္တလေး ဒီဇယ် ဂါလန် ၁၀၀ ကျော်ကုန်ကြောင်း သိရသည်။
ကားခများမှာ အမြန်လမ်း မဖွင့်ခင်အချိန်ကတည်းက ကျပ် ၁၀,၅၀၀ ဖြစ်ပြီး အမြန်လမ်းဖွင့်ခဲ့သော်လည်း ဈေးကျခြင်း၊ ဈေးချခြင်း မရှိခဲ့ပေ။ ယခုဆီဈေးများ တက်လာသော်လည်း ယခင်ဈေး အတိုင်းကောက်ခြင်းသည် ပုံမှန်တွက်ခြေကိုက်နေခြင်း ကြောင့်ဖြစ်နိုင် ကြောင်း အဝေးပြေးကားအသိုင်းအ၀ိုင်းမှ တစ်ဆင့် သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မန္တလေးမြို့တော် စည်ပင်မှ ယင်းနယ်နိမိတ်အတွင်းရှိ ပလက်ဖောင်းများတွင် စက်သုံးဆီများ ရောင်းချခွင့်ကို တားမြစ်ခဲ့သေးသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ပြီး လိုက်နာမှုမရှိသော အရောင်းဆိုင်များကို သတိပေး ဖမ်းဆီးခဲ့သည်ဟုသိရသည်။
"ဓာတ်ဆီဆိုင်ငါးဆိုင်တော့ ပါသွားပြီ။ ကျန်တဲ့ဆိုင်တွေလည်း အဖမ်းအဆီးရှိတယ်ဆိုလို့ ဘယ်သူမှ မဖွင့်ရဲတော့ဘူး။ ကျွန်မတို့ ဆိုင်လည်း ဒီနေ့ပဲပိတ်လိုက်ရတာပါ"ဟု ဖေဖော် ၀ါရီလ ၂၅ ရက်နေ့ မန္တလေးမြို့အပြင်ဘက် ကျောက်မီးကျေးရွာ ဓာတ်ဆီဆိုင် တစ်ဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
"မြို့ထဲသွားရင်း လမ်းမှာ ဆီပြတ်သွားလို့ ဆီရောင်းတဲ့ဆိုင်ကို ဆိုင်ကယ်ကြီးတွန်းပြီး ပတ်ရှာနေရတာ။ နောက်ဆုံး ဘယ်မှာမှ ရှာ မရတော့ အိမ်တစ်အိမ်ဝင်ပြီး အကူအညီတောင်းခဲ့ရတာ။ ပိုက်ဆံ ပေးတာတောင် ဆီရောင်းမယ့်လူမရှိဘူးဖြစ်နေတယ်"ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။
ယင်းနေ့တွင် ကျောက်မီးကျေးရွာပိုင် ထုံးဘိုမြစ်ငယ်ဖြတ်လမ်း ပေါ်ရှိ ဓာတ်ဆီဆိုင်ငါးဆိုင်ကို စည်းကမ်းမလိုက်နာမှုကြောင့် ဖမ်းဆီး သွားပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း ထုံးဘို ကျေးရွာရှိ စက်သုံးဆီဆိုင်များကို ဖမ်းဆီးခဲ့သေးသည်။
"ဆီဆိုင်တွေဖမ်းတာ မီးဘေးအန္တရာယ်ကြောင့်ထင်တယ်။ မန္တလေးမှာ ပွင့်လင်းရာသီပဲရှိသေးတယ်။ မီးလောင်တာတွေ တအားများ နေတယ်။ လောင်တဲ့မီးတွေကလည်း ဓာတ်ဆီတွေကို ထုတ်နေတဲ့အချိန်မျိုး၊ ဓာတ်ဆီတွေကို ပုံးတစ်ပုံးကနေနောက်ပုံး တစ်ပုံးကို လှယ်နေတဲ့အချိန်မျိုးတွေမှာထပြီး မီးလောင်တာတွေ ကြုံတွေ့နေရတာ။ အဲဒါကြောင့် ပလက်ဖောင်းဘေးက စက်သုံးဆီ ဆိုင်တွေကို ပိတ်ခိုင်းတာ ထင်ပါတယ်"ဟု အရန်မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ဆိုင်ကယ်များ ပိုမိုများပြား လာမှုကြောင့် လမ်းဘေးပလက်ဖောင်း စက်သုံးဆီဆိုင်များလည်း များပြားလာခဲ့သည်။ စက်သုံးဆီဆိုင်များ နေရာအနှံ့ရှိလာခြင်းသည် နွေရာသီတွင် မီးဘေးအန္တရာယ်ကို ပိုမိုစိုးရိမ်စရာဖြစ်သည်ဟု သိပံ္ပလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့ အောင်ပင်လယ် စက်သုံးဆီဆိုင် တန်းများကို ပရန်တော်မြောင်း တူးဖော်ရန်အတွက် ပြောင်းရွှေ့ စေခဲ့သေးသည်။ အပြောင်းအရွှေ့ကာလများတွင် ဓာတ်ဆီနှင့်ဒီဇယ်များ ရှားပါးခဲ့ပြီး ဈေးတက်ခဲ့သေးသည်။

0 comments:

Post a Comment

(အတ္တာဟိ အတ္တနော နာထော) မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

 
IT sharing © 2012 | Designed by LogosDatabase.com, in collaboration with Credit Card Machines, Corporate Headquarters and Motivational Quotes